COVID ဆိုင်ရာ ပေါင်းစပ်ပဋိပစ္စည်းကုထုံး ကို ဂျပန် အတည်ပြု

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသနည်း တစ်မျိုးအဖြစ် ပေါင်းစပ်ပဋိပစ္စည်းကုထုံးကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့ လူနာတွေကို အသုံးပြုနိုင်တဲ့ ဂျပန် ဆေးတစ်မျိုးအဖြစ် ပထမဆုံး ခွင့်ပြုလိုက် တာပဲ ဖြစ်ပါတယ်။
Chugai Pharmaceuticalက ဇွန်လအနှောင်းပိုင်းမှာ ဗိုင်းရပ်စ်ပိုးကို ဓာတ်ပြယ်စေတဲ့ ပဋိပစ္စည်း ၂မျိုးဖြစ်တဲ့ casirivimab နဲ့ imdevimab ကို ပေါင်းစပ်ထားတဲ့ အဲဒီ ပေါင်းစပ် ပဋိပစ္စည်းကုထုံးကို လျှောက်ထားခဲ့ပါတယ်။ အဲဒီကုထုံးဟာ အမေရိကန် အစားအစာနဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာန (FDA) ရဲ့ အရေးပေါ်အသုံးပြုခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ရရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် COVID-19 နဲ့ ဆေးရုံတက်စဉ်က အဲဒီကုထုံးကို အသုံးပြုခဲ့ပါတယ်။ ပြည်ပမှာ ပြုလုပ်တဲ့ လက်တွေ့စမ်းသပ်မှု အများအပြားမှာ အဲဒီ ပေါင်းစပ်ပဋိပစ္စည်းကုထုံးက ဆေးရုံတင်ရမယ့် ဒါမှမဟုတ် သေဆုံးမယ့် အန္တရာယ်ကို ၇၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ Chugai ကုမ္ပဏီက ပြောပါတယ်။
ဒီဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချရမှုတွေ အပေါ် ကျွမ်းကျင်သူတွေရဲ့ အစည်းအဝေးက ထောက်ခံချက် ပေးခဲ့ပြီး နောက်ပိုင်း တနင်္လာနေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီပေါင်းစပ်ပဋိပစ္စည်းကုထုံးဟာ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် တရားဝင်ခွင့်ပြုတဲ့ စတုတ္ထမြောက် ကုထုံး ဖြစ်လာပါပြီ။ တခြားဆေးတွေကတော့ ဗိုင်းရပ်စ်ကုသဆေး remdesivir ၊ အကိုက်အခဲပေျာက်ဆေး dexamethasone နဲ့ အရောင်ကျဆေး baricitinib တို့ ဖြစ်ပါတယ်။
ဒီဆေးကို ရောဂါလက္ခဏာ မပြင်းထန်တဲ့ ဒါမှမဟုတ် အလယ်အလတ် ပြတဲ့ အသက်အရွယ်ကြီးသူတွေနဲ့ နာတာရှည် ရောဂါရှိသူတွေမှာ အသုံးပြုဖွယ်ရှိပါတယ်။ အခု လောလောဆယ်မှာ ဆေးဖြည့်စည်းပေးနိုင်မှု အကန့်အသတ်နဲ့သာ ရှိတာကြောင့် ဆေးရုံတက်နေတဲ့ လူနာတွေကိုသာ အဲဒီ ကုထုံးနဲ့ကုသပေးနိုင်ဦးမှာ ဖြစ်ပါတယ်။
စောစီးစွာ ကုသမှုဟာ အခြေအနေဆိုးမလာအောင် ကာကွယ်ပေးနိုင်မယ်လို့ ယူဆကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဆိုပါတယ်။