အိုလံပစ်ဖွင့်ပွဲအခမ်းအနား တေးဂီတပညာရှင် နုတ်ထွက်

တိုကျိုအိုလံပစ် အားကစားပွဲ ကျင်းပရေး ကော်မတီဝင်တွေက ဖွင့်ပွဲအခမ်းအနားအတွက် ရွေးချယ်ထားတဲ့ ဂီတပညာရှင် Oyamada Keigo ရေးသားခဲ့တဲ့ တေးဂီတကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

သူဟာ ကျောင်းသားဘဝတုန်းက အတန်းဖော်တွေကို အနိုင်ကျင့်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့အတွက် အပြစ်တင် ဝေဖန်ခံနေရပါတယ်။ ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
မစ္စတာ Oyamada က ဒီအလုပ်ကို သူလက်ခံခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မသင့်တော်ဘူးလို့ ဆိုကာ ဒီအခမ်းအနား အတွက် တေးရေးဆရာ အဖြစ်ကနေ တနင်္လာနေ့မှာ နုတ်ထွက်ခဲ့ပါတယ်။
အခုလို အငြင်းပွားမှုတွေ ဖြစ်လာရတဲ့အကြောင်းရင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက မဂ္ဂဇင်း အင်တာဗျူးမှာ မသန်စွမ်းတဲ့ ကျောင်းသားတွေအပါအဝင် အတန်းဖော်တွေနဲ့ တခြားသူတွေကို အနိုင်ကျင့်ခဲ့ဖူးတယ်လို့ သူပြောကြားခဲ့ဖူးတာ ကြောင့် ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားရဲ့ ပထမ ၄မိနစ်မှာ အသုံးပြုဖို့ ကနဦးမှာ စီစဉ်ထားတဲ့ မစ္စတာ Oyamada ရဲ့လက်ရာကို အသုံးမပြုတော့ဘူး လို့ ပွဲကျင်းပရေးကော်မတီ အထွေထွေညွှန်ကြားရေးမှူး Muto Toshiro က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မစ္စတာ Muto က တခြားတေးရေးဆရာတွေဟာ အဲဒီနေရာမှာ အစားထိုးဖို့ ကြိုးစားဖန်တီးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ Oyamada ရဲ့လက်ရာကို ပါရာလင်းပစ် အားကစားပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသုံးပြုဖို့စီစဉ်ထားတာကိုလည်း ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။