တိုကျိုအားကစားပွဲတွေကနေ စည်းလုံးညီညွတ်မှု သတင်းစကား ပေးပို့မယ်လို့ IOC ဥက္ကဋ္ဌ ပြော

နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC ဥက္ကဋ္ဌ Thomas Bach က တိုကျိုအားကစားပွဲတွေကို ကျင်းပရခြင်းရဲ့ အရေးပါမှုကို အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ဒါဟာ ကမ္ဘာကြီးကို စည်းလုံးညီညွတ်မှုရဲ့ အားကောင်းတဲ့ သတင်းစကားတစ်ခု အနေနဲ့ ပို့ဆောင်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အိုလံပစ်အားကစားပွဲတွေ မကျင်းပခင် ၃ရက်အလို ဖြစ်တဲ့ အင်္ဂါနေ့က တိုကျိုမှာ ပြုလုပ်တဲ့ IOC ရဲ့ ၂ရက်ကြာ အစည်းအဝေးအစမှာ မစ္စတာ Thomas Bach က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၁၈ လတာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် ၁၀၁ဦးထဲက ၉၀ ဦးလောက်ဟာ လူချင်းတွေ့ဆုံခဲ့ကြပါတယ်။ မျက်နှာနဲ့နှာခေါင်းစည်းတွေကို ဝတ်ဆင်ပြီး အကွာအဝေးတစ်ခု ခြားပြီး နေနေတဲ့ သူတို့ဟာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ခဏတာ ငြိမ်သက်ဆုတောင်း ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်းက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး လုပ်သားတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေးသူတွေ အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ဒီလို တွေ့ဆုံနိုင်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာ Thomas Bach က ပြောကြားခဲ့ပါတယ်။
တိုကျို အိုလံပစ် အားကစားပွဲတွေကို အိမ်ရှင်နိုင်ငံအဖြစ် ဂျပန်က လက်ခံကျင်းပခွင့်ရရှိခဲ့ပြီးနောက် ၈နှစ်တာ ကာလလုံး ဂျပန်နဲ့အကြား IOC ရဲ့ ယုံကြည်စိတ်ချရတဲ့ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း သူက ချီးမွမ်းစကားဆိုခဲ့ပါတယ်။
စိတ်နှစ်မြှုပ်အလုပ်လုပ်ကိုင်မှုနဲ့ မဆုတ်မနစ်ဇွဲလုံ့လ ရှိတဲ့ ဂျပန်နိုင်ငံရဲ့ အလေ့အထကောင်းတွေဟာ ကျွန်တော်တို့ကို လေးစားအားကျစေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး အားကစားသမားတွေဟာ သူတို့ရဲ့ အိုလံပစ်အိပ်မက် အကောင်အထည်ပေါ်လာဖို့ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် စောင့်မျှော်နေကြတယ်လို့ မစ္စတာ Bach က ပြောကြားခဲ့ ပါတယ်။ ဂျပန်နိုင်ငံသာမက အားကစားသမားတွေ အတွက် ထင်ပေါ်ကျော်ကြားစေမယ့်စင်မြင့်တစ်ခုကို ပြင်ဆင်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဂျပန်ကနေ ကမ္ဘာကို ဒီ အိုလံပစ်အားကစားပွဲတွေက တစ်ဆင့် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု ဆိုတဲ့ အားကောင်းတဲ့ သတင်းစကားတွေ ပို့လွှတ်မှာ ဖြစ်တယ်လို့ မစ္စတာ Bach က ပြောကြားခဲ့ပါတယ်။
တိုကျို ပွဲကျင်းပရေးကော်မတီ အကြီးအကဲ Hashimoto Seiko က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလွန်ကြီးမားတဲ့ အခက်အခဲတွေ အတွင်း အားကစားပွဲတွေရဲ့ ဘေးကင်းစိတ်ချမှုနဲ့ လုံခြုံမှုကို အာမခံချက်ပေးနိုင်ဖို့ဟာ ကျင်းပရေးကော်မတီဝင် တွေရဲ့ ပထမဦးစားပေး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအားကစားပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားခဲ့ပြီး အားကစားသမားတွေ အတွက် အကောင်းဆုံးဖြစ်မယ့် စင်မြင့်တစ်ခု ဖြည့်စည်းပေးနိုင်ရေးအတွက် IOC နဲ့အတူ ပူးပေါင်း လုပ်ကိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။