အမိုးနီးယားကို လောင်စာအဖြစ်စမ်းသပ်မှုတွေ ဂျပန်မှာ စတင်မယ်

ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ အမိုးနီးယားဓာတ်ငွေ့ကို လောင်စာအဖြစ်အသုံးပြုတဲ့ စမ်းသပ်မှုတွေကို ဂျပန်မှာစတင်နေပြီလို့ သိရပါတယ်။

အမိုးနီးယားဓာတ်ငွေ့ လောင်ကျွမ်းတဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာမျိုးမရှိပါဘူး။
ဂျပန် အပူစွမ်းအင်ဓာတ်အားပေးကုမ္ပဏီ Jera က ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ သူတို့ရဲ့ ဓာတ်အားပေးစက်ရုံမှာ ကျောက်မီးသွေးနဲ့ အမိုးနီးယားအရောအနှောတွေကို လောင်ကျွမ်းစေတဲ့စမ်းသပ်မှုကို သြဂုတ်လအတွင်းမှာ စတင်မှာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းကို အကြီးစားစက်ယန္တရားထုတ်လုပ်တဲ့ IHI ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Jera ကုမ္ပဏီက အမိုးနီးယားပမာဏ အနည်းငယ် ရောနှောတာကနေ စတင်ပြီး ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ လောင်ကျွမ်းမှုနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ မျှော်လင့်ထားပါတယ်။
အမိုးနီးယားနဲ့ ၁၀၀ ရာခိုင်နှုန်းလည်ပတ်တဲ့ ဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ထုတ်စက်တစ်ခုကို ဂျပန်နိုင်ငံ Mitsubishi Heavy Industries ကုမ္ပဏီက တီထွင်နေပါတယ်။
အမိုးနီးယားလောင်ကျွမ်းတဲ့အခါ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် လောင်ကျွမ်းနေတဲ့အချိန်မှာ လေပမာဏကို မသိမသာညှိပေးပြီး နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချဖို့ အဲဒီကုမ္ပဏီက မျှော်လင့်ထားပါတယ်။
မစ်ဆူဘီရှီ ကုမ္ပဏီက ဒီနည်းပညာကို စီးပွားဖြစ်အသုံးပြုဖို့နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ တပ်ဆင်ဖို့တို့ကို ၂၀၂၅ ခုနှစ်မကုန်ခင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။