အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရှိန်မြှင့်ဖို့ သဘောတူ

အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်တို့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတွင်းမှာ ဆယ်စုနှစ် ၂ ခုကြာ တိုက်ခိုက်လာခဲ့တာတွေကို အဆုံးသတ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။

ကာတာနိုင်ငံမှာပြုလုပ်တဲ့ နှစ်ရက်ကြာအစည်းအဝေးအပြီး တနင်္ဂနွေနေ့မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်တစ်ဝန်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွား နေတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေး အတူလုပ်ဆောင်ဖို့ သဘောတူထားတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးဆောင်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆင့်မြင့်ကောင်စီအကြီးအကဲ Abdullah Abdullah က အစည်းအဝေးမှာ အစိုးရအဖွဲ့ကို ကိုယ်စားပြုခဲ့ပါတယ်။ တာလီဘန်အဖွဲ့ဘက်ကတော့ အုပ်စုဒုတိယခေါင်းဆောင် Mullah Abdul Ghani Baradar ကို စေလွှတ်ခဲ့ပါတယ်။
အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက စပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ကြိုကြားကြိုကြား ပြုလုပ်ခဲ့ပေမဲ့ တိုးတက်မှုအနည်းငယ်ပဲရှိခဲ့ပါတယ်။ အာဖဂန်အစိုးရက အပစ်အခတ်ရပ်စဲရေး စောစောစီးစီးရရှိဖို့ လိုလားနေပြီး တာလီဘန်တွေကတော့ တိုင်းပြည်ကို အစ္စလာမ်ဥပဒေအောက်မှာပဲ အုပ်ချုပ်သင့်တယ်လို့ ပြောဆိုနေပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလအကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီးမှာ အာဖဂန်နစ္စတန်မှာ အမေရိကန်က စစ်ဆင်ရေးတစ်ခု စတင်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ ပြည်တွင်းလုံခြုံရေးအခြေအနေတွေ ဆိုးရွားလာနေပေမဲ့လည်း အခုအခါမှာ အမေရိကန်က သြဂုတ်လကုန်နောက်ဆုံးထားပြီး သူတို့ရဲ့တပ်တွေကို ရုပ်သိမ်းမယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေမှန်မှန်ရရှိလာအောင် အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်တို့ အပေးအယူ လုပ်နိုင်မလားဆိုတာက အဓိကအချက်ဖြစ်နေပါတယ်။