ကူးစက်မှုတွေ တစ်ဟုန်ထိုးများပြားလာတဲ့အတွက် ဗီယက်နမ်မှာ COVID အစီအမံတွေ တိုးမြှင့်

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၉၂၆ ဦး ရှိတယ်လို့ အတည်ပြုခဲ့ပြီးနောက် ဗီယက်နမ်အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်နိုင်ငံဟာ တင်းကျပ်တဲ့ကန့်သတ်ချက်တွေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့လည်း အိန္ဒိယမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် နိုင်ငံတွင်းမှာ ပြန့်ပွားနေပြီး ဧပြီလကုန်နောက်ပိုင်း ကူးစက်မှုတွေ တစ်ဟုန်ထိုးများပြားလာခဲ့ပါတယ်။
ကူးစက်မှုအများစုကို နိုင်ငံတောင်ပိုင်းဒေသတွေမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အကြီးဆုံးမြို့ ဟိုချီမင်း မှာ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မလိုအပ်ပဲအပြင်ထွက်တာကို ကန့်သတ်တာအပါအဝင် လူတစ်ဦးနဲ့တစ်ဦး အကွာအဝေး ခြားပြီးနေဖို့ တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်။
မြို့တော် ဟနွိုင်းမှာ ဟိုချီမင်းမြို့နဲ့ တခြားဒေသတွေက လာသူတွေကို ၁၄ ရက်ကြာ သီးခြားခွဲနေထိုင်ခိုင်းတာအပြင် တခြားအစီအမံတစ်ချို့ ကျင့်သုံးနေပါတယ်။ ဟိုချီမင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေကိုလည်း ထားရှိခဲ့ပါတယ်။ တနင်္လာနေ့ ကစပြီး အများပြည်သူဆိုင်ရာနေရာတွေမှာ လူ ၅ ဦးနဲ့အထက် စုဝေးတာမပြုလုပ်ဖို့ တားမြစ်လိုက်ပါတယ်။