မိုးရာသီကုန်ဆုံးပြီးနောက် ဂျပန်တွင် အပူချိန်မြင့်တက်

ဂျပန်နိုင်ငံတစ်ဝှမ်းမှာ မိုးရာသီကာလကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မြောက်ဘက်အစွန်းဆုံးခရိုင် ဟော့ကိုင်းဒိုးက ဆပ်ပိုးရိုးမြို့မှာ အပူချိန်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

မိုးလေဝသအေဂျင်စီက နိုင်ငံအနောက်ပိုင်းက တခြားဒေသများ နည်းတူ ရှိခိုကုဒေသမှာ မိုးရာသီကုန်ဆုံးသွားပြီလို့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မွန်းလွဲ ၂နာရီမထိုးမီမှာ ဆပ်ပိုးရိုးမြို့မှာ အပူချိန်ဟာ ၃၅ ဒီဂရီဆဲလ်စီးယပ်စ် အထိ ရောက်ခဲ့ပြီး အဲဒါဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
အိဝါတဲ့ခရိုင် အိုရှုမြို့ နဲ့ ယာမာ့နာရှိခရိုင် ခိုးရှူး မြို့မှာ အပူချိန် ၃၇.၃ ဒီဂရီဆဲလ်စီးယပ်စ် ၊ ကျိုတိုမြို့နဲ့ ဂွန်းမခရိုင် ကိလျူးမြို့ တို့မှာ ၃၇.၁ ဒီဂရီ ဆဲလ်စီးယပ်စ် ၊ ဖူကုအိုကားမြို့မှာ ၃၅.၂ ဒီဂရီဆဲလ်စီးယပ်စ် ရှိခဲ့ပါတယ်။ တိုကျို ၊ နာ့ဂိုယာ နဲ့ တာကာ့မတ်ဆုမြို့တွေမှာ ၃၄ ဒီဂရီဆဲလ်စီးယပ်စ်ကျော် ရှိခဲ့ပါတယ်။ ရာသီဥတုဆိုင်ရာအရာရှိတွေက ပြည်သူတွေကို အပြင်ထွက်တာမျိုးရှောင်ရှားကြဖို့၊ ခန္ဓာကိုယ်မှာ ရေဓာတ်ရှိနေစေဖို့နဲ့ အပူရှပ်တာမျိုးကို ရှောင်ရှားနိုင်ဖို့ လေအေးစက်ကို အသုံးပြုဖို့ တိုက်တွန်းနေပါတယ်။
အဲဒါအပြင် လူချင်းခပ်ခွာခွာနေနိုင်တဲ့အနေအထားမျိုးဖြစ်ပြီး ပြင်ပမှာရှိနေတဲ့အခါနှာခေါင်းစည်းတွေကို ဖြုတ်ပြီး အနားယူကြဖို့ ပြည်သူတွေကို အကြံပေးထားပါတယ်။
အပူချိန်မြင့်တက်လာမှုက လေထုအတွင်းမတည်ငြိမ်တဲ့ အနေအထားတွေ ဖြစ်လာစေနိုင်ပြီး ဟော့ကိုင်းဒိုးအပါအဝင် တချို့နေရာတွေမှာ မိုးတိမ်တွေဖြစ်ထွန်းလာနိုင်ပါတယ်။
ရာသီဥတုဆိုင်ရာအရာရှိတွေက ရေဒါလေ့လာသုံးသပ်ချက်တွေ အရ ဟော့ကိုင်းဒိုးက အာ့ရှိုရိုမြို့မှာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အထိ ၁ နာရီကြာကာလအတွင်း မိုးရေချိန် ၉၀ မီလီမီတာ အထိ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
မြေနိမ့်ဒေသတွေမှာ ရေကြီးတာတို့ ၊ မြစ်ရေလျှံတက်တာတို့၊ မြေပြိုတာတွေ ၊ မိုးကြိုးပစ်တာတွေနဲ့ လေဆင်နှာမောင်းကျရောက်တာတွေကိုလည်း ရာသီဥတုဆိုင်ရာ အရာရှိတွေက သတိပေးထားပါတယ်။