အိုလံပစ်ပွဲမကျင်းပမီ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များပြုလုပ်ဖို့ ဂျပန်အစိုးရတိုက်တွန်း

သောကြာနေ့မှာ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမတိုင်မီ အားကစားသမားတွေနဲ့ အားကစားဆိုင်ရာအရာရှိတွေဟာ ဂျပန်ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

မြို့တော်တိုကျိုဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေအောက်မှာရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၀၀၀ ကျော်တာဟာ ၅ ရက်ဆက်တိုက် ရှိနေပြီဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ လေဆိပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်အသေးစိတ် စစ်ဆေးမှုတွေကို လုပ်ဆောင်နေခဲ့ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အိုလံပစ်အားကစားသမားတွေနဲ့ ဝန်ထမ်းတွေကို အများပြည်သူနဲ့အဆက်အသွယ်မပြုဖို့ သီးခြားခွဲထုတ်နေထိုင်စေပါတယ်။
ပြည်သူတွေအနေနဲ့လည်း မလိုအပ်ပဲနဲ့ ခရိုင်နယ်နိမိတ်တွေ ဖြတ်ကျော်သွားလာတာမျိုးကိုရှောင်ရှားကြဖို့ အစိုးရက တောင်းဆိုတိုက်တွန်းနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအကြံပေးအဖွဲ့အကြီးအကဲ Omi Shigeru က လာမယ့် ၂ လကြာကာလဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးကိုင်တွယ်ရာမှာ အရေးပါတဲ့အဆင့်ဖြစ်လာ လိမ့်မယ်လို့ ပြောပါတယ်။ အဲဒီကာလအတွင်းမှာ နွေရာသီအားလပ်ရက်နဲ့ တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်အားကစားပြိုင်ပွဲတို့ ကျရောက်နေပါတယ်။
တနင်္လာနေ့ကစပြီး နောက်ထပ် သီတင်း ၇ ပတ်ကြာကာလကို ပြည်သူပိုင်နဲ့ ပုဂ္ဂလိပိုင်နယ်ပယ်တွေအတွက် နေအိမ်ကနေ အလုပ်လုပ်ကြဖို့ကာလအဖြစ် ဂျပန်အစိုးရက သတ်မှတ်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရေးဆိုင်ရာ တာဝန်ခံဝန်ကြီး Kono Taro က စက်တင်ဘာလအထိ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဆီဖြန့်ချိပေးဖို့အတွက် ရရှိနိုင်မယ့် ကာကွယ်ဆေးပမာဏကို ဆုံးဖြတ်နိုင်ဖို့ သူလုပ်ဆောင်နေပါတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
ဂျပန်အစိုးရက လိုအပ်တဲ့ကာကွယ်ဆေးကို အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာမကုန်မီ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောဆိုထားပါတယ်။