တိုကျိုအိုလံပစ်အတွက် ယာဉ်သွားလာမှုဆိုင်ရာစည်းကမ်း စတင်တင်းကျပ်

တိုကျိုအားကစားပြိုင်ပွဲတွေကို အခုသီတင်းပတ်နှောင်းမှာ တရားဝင်မစတင်မီ တိုကျိုနဲ့ ပတ်ဝန်းကျင်ဧရိယာမှာ တင်းကျပ်တဲ့မော်တော်ယာဉ်သွားလာမှုဆိုင်ရာစည်းကမ်းတွေကို စတင်လိုက်ပြီဖြစ်ပါတယ်။

ဂျပန်မော်တော်ယာဉ်လမ်းသွားလာမှုဆိုင်ရာ သတင်းအချက်အလက်စင်တာက အဲဒီကန့်သတ်ချက်တွေ ကြောင့် မြို့တော်အတွင်းရှိတစ်ချို့လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ ၅ ကီလိုမီတာအထိ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ဖြစ်ခဲ့တယ်လို့ပြောပါတယ်။
ယာဉ်မောင်းသူတွေဟာ အားကစားပွဲကာလအတွင်း လမ်းအသုံးပြုခအပိုထပ်ဆောင်းပေးရတဲ့ တိုကျိုမြို့လယ်တွင်းရှိ မြို့တော်အမြန်လမ်းကွန်ရက်ကို အသုံးပြုတာမျိုးထက် တခြားလမ်းတွေကို အသုံးပြုကြတယ်ဆိုတာ သိသာလှတယ်လို့ အဲဒီသတင်းအချက်အလက်စင်တာက ပြောပါတယ်။
တနင်္လာနေ့ကစပြီး သာမန်ယာဉ်တွေ အဲဒီအမြန်လမ်းကွန်ရက် တွေကို မနက် ၆ နာရီကနေ ည ၁၀ နာရီအကြားအသုံးပြုလို့ရှိရင် ယန်း ၁၀၀၀ ဒါမှမဟုတ် ၉.၁ ဒေါ်လာ အပိုဆောင်းထပ်ပေး ရပါတယ်။
တိုကျိုနဲ့ တိုကျိုအနီးက ချိဘာ့ခရိုင်မှာ အားကစားပြိုင်ပွဲ ကျင်းပမယ့်နေရာအနီးက လမ်းပိုင်း ၁၁ ခုမှာ အိုလံပစ်နဲ့ဆက်နွယ်တဲ့ယာဉ်တွေအတွက် သီးသန့်သတ်မှတ် လမ်းကြောင်းတွေ၊ ဦးစားပေးလမ်းကြောင်းတွေရှိပါတယ်။
ယာဉ်သွားလာမှုပမာဏပေါ်မူတည်ပြီး တိုကျိုမြို့တော် အမြန်လမ်းနဲ့ တခြားလမ်းတွေကို ဝင်ရောက်ခွင့်ပိတ်တာ လမ်းကြောင်းကန့်သတ်မှုတွေလုပ်တာတွေ ရှိလာနိုင်ပါတယ်။
ယာဉ်မောင်းတွေ ကုမ္ပဏီတွေအနေနဲ့ မော်တော်ယာဉ်အသုံးပြုတာမျိုးကို ရှောင်ကြဉ်ကြဖို့နဲ့ မောင်းနှင်သွားလာကြမယ်ဆိုရင်လည်း နောက်ဆုံးထုတ်ပြန်တဲ့ ယာဉ်လမ်းကြောင်းဆိုင်ရာ သတင်းအချက်အလက်တွေကို အွန်လိုင်းကနေ စစ်ကြည့်ကြဖို့ နိုင်ငံရဲတပ်ဖွဲ့အေဂျင်စီက တိုက်တွန်းနေပါတယ်။