အာဖဂန်အစိုးရနဲ့ တာလီဘန် ဆွေးနွေးမှုတွေ စတင်

တိုင်းပြည်ကို ဆယ်စုနှစ် ၂ ခုကျော် ဆင်းရဲဒုက္ခရောက်စေခဲ့တဲ့ စစ်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်အုပ်စုတို့ရဲ့ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

ကြိုကြားကြိုကြား လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ကာတာနိုင်ငံမြို့တော် Doha မှာ စနေနေ့က နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးဆောင်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆင့်မြင့်ကောင်စီ အကြီးအကဲ Abdullah Abdullah က ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုတွေပြင်းထန်လာနေပြီး ပြဿနာတွေဟာ အင်အားသုံးဖြေရှင်းလို့ မရကြောင်း သူက ပြောပါတယ်။
အာဖဂနနစ္စတန် အစိုးရက အမြန်ဆုံးအပစ်အခတ်ရပ်စဲဖို့ ဆန္ဒရှိနေပြီး တာလီဘန်ကတော့ တိုင်းပြည်ကို အစ္စလာမစ်ဥပဒေနဲ့ အုပ်ချုပ်ဖို့ လိုလားနေတဲ့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့ပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေကို ဩဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်ရုတ်သိမ်းမယ်လို့ အမေရိကန်သမ္မတ Joe Biden က ဇူလိုင်လ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
တပ်ရုတ်သိမ်းမှုတွေ ဩဂုတ်လ မကုန်ခင် ပြီးဆုံးမယ့် အနေအထားမှာ တာလီဘန်တွေက အခွင့်ကောင်းယူ လှုပ်ရှားလာနေပြီး လုံခြုံရေးအခြေအနေတွေ ဆိုးရွား လာနေပါတယ်။