ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင် မြင့်တက်

ထိုင်းနိုင်ငံမှာ တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပမာဏဟာ ပထမဆုံးအကြိမ်အဖြစ် ၁၀,၀၀၀ ကျော်လာခဲ့တဲ့အတွက် အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုကန့်သတ်ဖို့ စီစဉ်နေပါတယ်။

စနေနေ့က ကူးစက်ခံရသူအသစ် ၁၀,၀၈၂ ဦး ရှိခဲ့ပြီး၊ သေဆုံးသူ ၁၄၁ ဦး ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ အိန္ဒိယမှာ ပထမဆုံးအတည်ပြုခဲ့တဲ့ Deltaအမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး အကြီးအကျယ် ကူးစက်ပြန့်ပွားနေပါတယ်။
ပိုပြီးတင်းကျပ်တဲ့ စီမံချက်တွေ ချမှတ်ပြီး မလုပ်ဆောင်ဘူးဆိုရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က Facebook မှာ သောကြာနေ့ညက ရေးသားလိုက်ပါတယ်။
အထူးသဖြင့် ရောဂါကူးစက်ပြန့်ပွားနေတဲ့ ‌ဒေသတွေမှာ ခရိုင်တစ်ခုနဲ့ တစ်ခုအကြား သွားလာမှုတွေကို တားမြစ်ကန့်သတ်ဖို့ရှိပြီး အဲဒီဒေသတွေမှာ နေအိမ်ကပဲ အလုပ်လုပ်ဖို့ တောင်းဆိုချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
မြို့တော်ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ဧရိယာမှာ ည ၉ နာရီကနေ မနက် ၄ နာရီ အထိ အပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဆိုင်တွင်းစားသောက်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးကို ဂယက်ရိုက်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတဲ့အတွက် စည်းမျဉ်းတင်းကျပ်မှုနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူတွေရဲ့ မကျေနပ်မှုတွေ ထွက်ပေါ်လာနေပါတယ်။