နိုင်ငံခြားသား အလုပ်သင်လုပ်သားတွေအတွက် တိုင်ပင်ဆွေးနွေးရေး အက်ပလီကေးရှင်း ဂျပန် တီထွင်

ဂျပန် အလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ တခြား အဖွဲ့အစည်းတွေပူးတွဲပြီး နိုင်ငံခြားသား အလုပ်သင်လုပ်သားတွေ သူတို့ရဲ့ လုပ်ငန်းခွင်အနေအထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နိုင်မယ့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်မျိုးကို တီထွင်ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက အလုပ်သင်တွေအနေနဲ့ ဂျပန်မှာ အလုပ်လုပ်ရင်း စွမ်းရည်၊ နည်းပညာနဲ့ အတတ်ပညာတွေကို သင်ယူနိုင်ဖို့ ရည်စူးတဲ့ စနစ်တစ်မျိုး ဂျပန်မှာ ရှိပါတယ်။
အလုပ်သင်တွေအနေနဲ့ အကြမ်းပတမ်း ဆက်ဆံခံရတာ ဒါမှမဟုတ် အချိန်အရှည်ကြီး အလုပ်ခိုင်းခံရတာတွေလို အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မိမိရဲ့ မိခင်ဘာသာစကားနဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို နိုင်ငံခြား နည်းပညာအလုပ်သင်တန်း အဖွဲ့အစည်း (OTIT) က လက်ခံဆောင်ရွက်ပေးနေပါတယ်။ ဒီအဖွဲ့အစည်းဟာ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်းမှာ တိုင်ပင်မှုပေါင်း ၇,၄၀၀ အတွက် အကြံပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို တိုင်ပင်ဆွေးနွေးရေး ဝန်ဆောင်မှု ရှိတာကို မသိကြတာကြောင့် အလုပ်သင် အများအပြားဟာ OTIT က အကြံဉာဏ်တွေကို မရယူခဲ့ဘူးလို့ အလုပ်သင်တွေကို ထောက်ပံ့မှုပေးနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
အလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ OTIT တို့အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးက ပူးတွဲ တီထွင်ခဲ့တဲ့ အခု အက်ပလီကေးရှင်းဟာ အဲဒီ တိုင်ပင်ဆွေးနွေးရေး ဝန်ဆောင်မှုကို အလုပ်သင်တွေ အလွယ်တကူ ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒီအက်ပလီကေးရှင်းကို ဗီယက်နမ်နဲ့ တရုတ် အပါအဝင် ဘာသာစကား ၁၀ မျိုးနဲ့ သုံးစွဲနိုင်ပါတယ်။ အဲဒီမှာ တိုင်ပင်ဆွေးနွေးရေး ဝန်ဆောင်မှု ဖုန်းနံပတ်ကို ဖော်ပြထားပြီး တစ်ချက်နှိပ်လိုက်ရုံနဲ့ အဲဒီကို ဖုန်းခေါ်ပေးမှာ ဖြစ်ပါတယ်။