အိုလံပစ်ကျေးရွာမှာ အားကစားသမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု စစ်ဆေးတွေ့ရှိ

တိုကျိုမြို့က အိုလံပစ်ကျေးရွာမှာ နေထိုင်နေတဲ့ နိုင်ငံခြားက အားကစားသမား ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိရတယ်လို့ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ကျင်းပရေးကော်မတီက ကြေညာလိုက်ပါတယ်။

အင်္ဂါနေ့က ဖွင့်လှစ်ခဲ့တဲ့ အိုလံပစ်ကျေးရွာမှာ သူတို့ဟာ ပထမဦးဆုံး ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ အားကစားသမားတွေ ဖြစ်ပါတယ်။
ဂျပန်ကို ရောက်ရှိပြီး ၁၄ ရက်ကြာ သီးခြားခွဲနေခဲ့တဲ့ ဒီ အားကစားသမား ၂ ဦးဟာ စနေနေ့မှာ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဲဒီကော်မတီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်နယ်မြေက ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အိုလံပစ်ကျေးရွာထဲကို မဝင်ရောက်ခဲ့တဲ့ တခြား နိုင်ငံခြားက အားကစားသမားမှာလည်း ဒီဗိုင်းရပ်စ်ပိုးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဲဒီကော်မတီက ဆိုပါတယ်။
အားကစားသမားမဟုတ်တဲ့ နိုင်ငံခြားကလူ ၇ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဲဒီကော်မတီက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံသား၊ နိုင်ငံတကာ အိုလံပစ်ကော်မတီဝင်လည်းဖြစ် ကိုရီးယား စားပွဲတင်တင်းနစ် အသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ Ryu Seung-min အပါအဝင် အဲဒီသူတွေထဲက ၅ ဦးဟာ ဒီအားကစားပွဲတွေနဲ့ ပတ်သက်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မီဒီယာ အဖွဲ့ဝင်တစ်ဦးနဲ့ စာချုပ်နဲ့ငှားရမ်းထားတဲ့ ဝန်ထမ်းတစ်ဦးတို့မှာလည်း ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
စုစုပေါင်းအနေနဲ့ ဒီကော်မတီက ၁၀ ဦး ကူးစက်ခံရကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပြီး ဒါဟာ ဇူလိုင်လ ၁ ရက်နေ့က စပြီး အလားတူ အချက်အလက်တွေ ထုတ်ပြန်ခဲ့ထဲအထဲမှာ တစ်နေ့တာပမာဏ အများဆုံးဖြစ်ပါတယ်။