အိုလံပစ်အားကစားသမားတွေ ဂျပန်ကို စုရုံးရောက်ရှိလာနေ

တိုကျိုအိုလံပစ်အတွက် ကမ္ဘာတစ်ဝန်းက အားကစားသမားနဲ့ အားကစားဆိုင်ရာ အရာရှိတွေ ဂျပန်ကို အဆက်မပြတ် ဝင်ရောက်လာနေကြပါတယ်။

စနေနေ့မှာ နယ်သာလန်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေက ကိုယ်စားပြုသူ ၁၀၀ ကျော် စီးနင်းလာတဲ့ လေယာဉ်တစ်စီး တိုကျိုနားက နာရီတာ လေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်။
သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စစ်ဆေးမှုတွေကို ခံယူခဲ့ကြပါတယ်။ ပိုးကူးစက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိသူတွေဟာ တိုကျိုက အိုလံပစ်ကျေးရွာနဲ့ ဂျပန်တစ်ဝန်းက လေ့ကျင့်ရေး စခန်းတွေဆီကို ဦးတည်ထွက်ခွာခဲ့ပါတယ်။
နောက်ရက်အနည်းငယ်အတွင်း ဆိုက်ရောက်မှုတွေ အများဆုံး အနေအထားဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအတောအတွင်း တနင်္လာနေ့ကစပြီး မြို့တော် တိုကျိုအတွင်းနဲ့ အနီးတစ်ဝိုက်မှာ ယာဉ်မောင်းနှင်သူတွေအနေနဲ့ ယာဉ်အသွားအလာ စည်းမျဉ်းတင်းကျပ်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။
ပြိုင်ပွဲနေရာ အများအပြားရှိနေတဲ့ ဧရိယာတွေမှာ ကန့်သတ်မှုတွေကို ချမှတ်ကျင့်သုံးမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီလို နေရာတွေဟာ တိုကျိုသာမက ချိဘ၊ စိုင်းတာမနဲ့ ခါနာ့ဂါဝ ခရိုင်တွေမှာလည်း ရှိပါတယ်။
အသွားအလာ များလာတဲ့အချိန်မှာ Metropolitan Expressway အမြန်လမ်း ဝင်ပေါက်တွေကို ပိတ်ထားမှာဖြစ်ပြီး လမ်းကြောတွေကိုလည်း ကန့်သတ်မယ်လို့ ရဲ အရာရှိတွေက ဆိုပါတယ်။