အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက် လာနေတာကြောင့် ဂျပန်လူမျိုးတွေ နေရပ်ပြန်ဖို့ စီစဉ်

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံး ရမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။

နေ့စဉ်သေဆုံးသူ အရေအတွက်ဟာ ၁၂၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့က အတည်ပြုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး စတင်တွေ့ရှိခဲ့တဲ့ ဒဲလယ်တာ အမျိုးအစား ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကြားမှာ နေ့စဉ်ကူးစက်ခံရတဲ့ အရေအတွက်က ၅၄၀၀၀ အထိ ရောက်ရှိနေပါတယ်။
သောကြာနေ့က စံချိန်တင်သေဆုံးသူ ၁၂၀၅ ဦးဟာ ဇူလိုင် လ ၁ ရက်နေ့က သေဆုံးသူထက် နှစ်ဆကျော်ခဲ့တာ ဖြစ်ပါတယ်။
ကူးစက်ခံရသူအသစ် အရေအတွက်ဟာ တစ်ရက် တစ်သိန်း အထိ တက်လာနိုင်တယ်လို့ အင်ဒိုနီးရှားအစိုးရက ခန့်မှန်းထားပါတယ်။ တာဝန်ရှိသူတွေက ဆေးရုံတွေမှာ လူနာကုတင်တွေ အဆင်သင့်ဖြစ်အောင်နဲ့ ကုသရေးသုံး အောက်စီဂျင်ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။
ဒီလိုအခြေအနေက ဒေသတွင်းမှာ အရေးပေါ်အခြေအနေဖြစ်နေတာကို သတိပေးလိုက်သလို ဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ဂျပန်ကုမ္ပဏီ ၁၉၀၀ လောက်ထဲက တစ်ချို့ ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို နေရပ်နိုင်ငံ ပြန်နိုင်ဖို့အတွက် အပြေးအလွှားလုပ်ဆောင်နေကြပြီး လေကြောင်းလိုင်းတွေကို မရပ်မနား ဘွတ်ကင်တွေတင်နေကြပါတယ်။
လိုအပ်ချက်တွေ ပြည့်မှီအောင် All Nippon Airways ကုမ္ပဏီက ဇူလိုင်လ ၂၁ ရက်နေ့မှာ အထူးလေယာဉ်ကို ပြေးဆွဲပေးဖို့ စီစဉ်နေပြီး၊ Japan Airlines ကုမ္ပဏီက ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြေးဆွဲပေးဖို့ စီစဉ်နေပါတယ်။ ကုမ္ပဏီနှစ်ခုလုံးက ကြိုတင် လက်မှတ် ဝယ်ယူတာကို လက်ခံနေပါတယ်။
ဒါပေမယ့် အင်ဒိုနီးရှားမှာ ရုံးဖွင့်ထားတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ဆက်စပ်မှု မရှိဘဲ ရောက်နေသူတွေကတော့ အကျုံးမဝင်ပါဘူး။
ဂျကာတာမြို့မှာရှိတဲ့ ဂျပန်သံရုံးက အဲဒီလိုလူမျိုးတွေအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ဖို့ လုပ်နေပါတယ်။ အဲဒီလို အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေသူ ဂျပန်လူမျိုး၂၀၀၀ ကျော်လောက်က အဲဒီကနေ ထွက်ခွာချင်နေကြပါတယ်။