အာတာမိ မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအပြီး ရှာဖွေမှု နဲ့ အကူအညီ ပေးမှုတွေ သီတင်း ၂ ပတ် ကြာ ဆက်လက်ပြုလုပ်နေ

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ရှီဇူအိုက ခရိုင် အာတာမိ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေကို ရှာဖွေရေးအဖွဲ့တွေက ပိုက်စိပ်တိုက် ဆက်လက် ရှာဖွေနေကြပါတယ်။

လူ ၁၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က မြို့ရဲ့ အိဇူဆန် အရပ်က အိမ်ခြေ အမျောက်အမြားဟာ မြေပြိုမှုကြောင့် ပျက်စီးခဲ့ရပါတယ်။
ရဲ၊ မီးသတ် နဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွံ့နဲ့အမှိုက်တွေဖယ်ရှားမှုကို အထောက်အကူဖြစ်ဖို့အတွက် စက်ယန္တရားကြီးတွေနဲ့ ဆောင်ရွက်နေကြပါတယ်။
သောကြာနေ့က အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပြီး ဒီသဘာဝဘေးကြီးကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၁၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အာတာမိ က ဟိုတယ်တစ်ခုမှာ လူ ၅၀၀ လောက်ကို ခိုလှုံခွင့်ပေး စောင့်ရှောက်ထားပါတယ်။ သူတို့အတွက် ရှီဇူအိုက ခရိုင် က ဆရာဝန် နဲ့ သူနာပြုတွေ စေလွှတ်ပေးထားပါတယ်။
သဘာဝဘေးနဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့ဝင် ရှီဇူအိုက ကလေးဆေးရုံက စိတ်ရောဂါကုဆရာဝန် Ito Kazuyuki က တိမ်းရှောင် ရောက်ရှိလာသူတွေကို ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေမှာ ကုသပေးနေပါတယ်။
တိမ်းရှောင်ရောက်ရှိလာသူတွေဟာ ပင်ပန်းပြီး နေမထိထိုင်မသာ ဖြစ်နေပုံရတယ်လို့ မစ္စတာ Ito က NHK ကို ပြောခဲ့ပါတယ်။ တစ်ချို့ဟာ ကိုယ့်အတွက်ပေးထားတဲ့ ဟိုတယ်အခန်းထဲမှာပဲ နေနေရပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ လွယ်လွယ်ကူကူ မတွေ့ရတာကြောင့် အထီးကျန်ခံစားမှုတွေ ရှိနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အပြင် တိမ်းရှောင် ရောက်ရှိလာသူတွေနဲ့ နီးစပ်သူတွေ က သဘာဝဘေးအန္တရာယ်ကနေ တိမ်းရှောင်လာသူတွေကို သွားရောက်ကြည့်ရှုပေးမှုတွေ အပါအဝင် ပံ့ပိုးကူညီမှုတွေ ဆက်လက်လုပ်ပေးဖို့ လိုအပ်တယ်လို့ မစ္စတာ Ito က NHK ကို ပြောခဲ့ပါတယ်။