အိုလံပစ်အားကစားသမားတွေ ဂျပန်နိုင်ငံသို့ အများအပြား ရောက်ရှိ

ဂျပန်နိုင်ငံမှာ လာမယ့် ၆ ရက်အတွင်း ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲ အတွက် နိုင်ငံတကာ အိုလံပစ်အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေ အများအပြား တိုကျိုကို ရောက်ရှိလာနေပါတယ်။

တိုကျိုမြို့အရှေ့ဘက်မှာရှိတဲ့ နာရိတာလေဆိပ်မှာ စနေနေ့ကနေ တနင်္လာနေ့အထိ အများဆုံး လာရောက်ကြဖို့ ရှိပါတယ်။
မနက် ၈ နာရီ ခွဲအချိန်လောက်က ဆိုက်ရောက်လာတဲ့ လေယာဉ်တစ်စင်းမှာ နယ်သာလန်၊ အိန္ဒိယ နဲ့ တစ်ခြား နေရာတွေက အိုလံပစ်ပွဲတော်တက်ရောက်မယ့် ကိုယ်စားလှယ် ၁၀၀ ကျော် လိုက်ပါလာခဲ့ပါတယ်။
အားကစားအသင်းက လူတွေဟာ တစ်ခြား ခရီးသည်တွေရဲ့ နောက်ကနေ လေယာဉ်ပေါ်က ဆင်းလာပြီး နှာခေါင်းစည်းတွေ တပ်ဆင်ထားပါတယ်။
တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် နိုင်ငံခြားသား အိုလံပစ်ကိုယ်စားလှယ်တွေ အနေနဲ့ "bubble" လို့ခေါ်တဲ့ ပြည်သူတွေအများကြီးနဲ့ ထိတွေ့မှုမရှိအောင် အရာရှိတွေက သတိထားစောင့်ကြည့်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
လေယာဉ်ကွင်းကို ရောက်လာကြသူတွေကို ရောဂါပိုး စစ်ဆေးတဲ့နေရာမှာ ပထမဦးဆုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပဋိလှုံ့ဆော်ပစ္စည်း Antigen ရှိမရှိ စစ်ဆေးမှုတွေ ချက်ချင်းပြုလုပ်ဖို့ ညွှန်ကြား ထားပါတယ်။ ရောဂါကူးစက်ခံရမှု မရှိသူတွေဟာ အိုလံပစ်ပွဲမတိုင်ခင် နေရမယ့် လေ့ကျင့်ရေး စခန်းတွေ ဒါမှမဟုတ် တိုကျိုမှာရှိတဲ့ အားကစားကျေးရွာကို ဆက်လက်သွားရောက်ရမှာ ဖြစ်ပါတယ်။
အိုလံပစ်ပွဲအားကစားသမားတွေနဲ့ ပြည်သူလူထုကို လုံးဝ မထိတွေ့အောင် ခွဲထားဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲဝင်တွေနဲ့ လူထု ထိတွေ့မှုရှိခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။