လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေမရှိကြောင်း Fast Retailing ပြော

အဝတ်အထည်ထုတ်လုပ်ရောင်းချတဲ့ Uniqlo ဆိုင်တွေရဲ့ စီမံခန့်ခွဲသူက ကုမ္ပဏီရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တာ မရှိကြောင်း ပြောပါတယ်။

အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ်အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ Fast Retailing ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတစ်ဦးက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
Uniqlo France နဲ့ တခြားကုမ္ပဏီ၃ခုဟာ ဒီ စုံစမ်းစစ်ဆေးမှုကို ခံယူနေရပါတယ်။ တရုတ်နိုင်ငံရဲ့ Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ချည်ထည် ထုတ်ကုန်တွေကို အတင်းအဓမ္မ လုပ်အားစေခိုင်းပြီး ထုတ်လုပ်ခဲ့ဖွယ်ရှိတယ်လို့ NGO အဖွဲ့ ၂ ဖွဲ့က ပြောပါတယ်။
Fast Retailing ကုမ္ပဏီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝမရှိကြောင်း အတည်ပြုထားတဲ့ ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုတဲ့ မူဘောင်တစ်ခုအတွင်းကနေ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး အဲဒီ ယုံကြည်မှုနဲ့ အတူ ရှေ့ဆက်သွားနေတယ်လို့ ကုမ္ပဏီရဲ့ အကြီးတန်း အမှုဆောင်အရာရှိနဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Okazaki Takeshi က ဆိုပါတယ်။
အမေရိကန် အကောက်ခွန်အာဏာပိုင်တွေဟာ Xinjiang ဒေသက ချည်ထည်ထုတ်ကုန်တွေကို တင်သွင်းခွင့် မပြုဖို့ တားမြစ်ထားတာကို ဂျပန်အဝတ်အထည်ကုမ္ပဏီကြီး Fast Retailing က ချိုးဖောက်ခဲ့တယ်လို့ ဆိုပြီး ဇန်နဝါရီလက Uniqlo အမှတ်တံဆိပ်နဲ့ ရှပ်အင်္ကျီတင်ပို့မှုတွေကို ပိတ်ပင်ခဲ့ပါတယ်။