ဂျပန်ဗဟိုဘဏ်က ပျော့ပြောင်းမူဝါဒ ဆက်လက်ကျင့်သုံးမည်၊ GDP တွက်ဆချက် ဖြတ်တောက်လျှော့ချ

ဂျပန်ဗဟိုဘဏ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း စီးပွားရေးထိန်းကျောင်းနိုင်ရေး အထောက်အကူဖြစ်စေဖို့ အတွက် ငွေကြေးဆိုင်ရာမူဝါဒကို အကြီးအကျယ် လျှော့ပေါ့တဲ့ အစီအစဉ်ကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သောကြာနေ့မှာ ပြီးဆုံးသွားခဲ့တဲ့ ၂ ရက်ကြာ မူဝါဒဆိုင်ရာ အစည်းအဝေးမှာ အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ကာလတိုအတွက် အနုတ်အတိုးနှုန်း ကို ဆက်လက်ထားရှိမယ်ဆိုတာနဲ့ အတိုးနှုန်းကို သုညပတ်ဝန်းကျင်မှာ ထိန်းချုပ်ထားနိုင်ဖို့ အစိုးရရဲ့ ငွေချေးစာချုပ်တွေကို ဆက်လက်ဝယ်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း ဗဟိုဘဏ်အရာရှိတွေက အခုဘဏ္ဍာရေးနှစ်အတွက် တိုးတက်မှု ခန့်မှန်းချက်ကို သုံးလပတ် အစီရင်ခံစာထဲမှာ လျှော့ချလိုက်ပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ကို အရင် ခန့်မှန်းထားချက်ကနေ ၀.၂ မှတ် လျှော့ချပြီး အလယ်အလတ်အဆင့် တိုးတက်လိမ့်မယ်လို့ ခန့်မှန်းတဲ့ ၃.၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပါတယ်။
စီးပွားရေးအပေါ် ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ လိုအပ်မယ်ဆိုရင် ပိုပြီး ပျော့ပြောင်းတဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ အသင့်ပဲလို့လည်း ဆိုပါတယ်။