တောင်အာဖရိကအစိုးရက တပ်ဖွဲ့များပိုမိုချထားမည်ဟု ပြောဆို

တောင်အာဖရိကအစိုးရက လမ်းပေါ်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို နှိပ်ကွပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ပိုမိုချထားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလိုမငြိမ်သက်မှုတွေဟာ သမ္မတဟောင်း Jacob Zuma ကို ထောင်ချလိုက်တဲ့အတွက် ဖြစ်ပွားလာခဲ့တာဖြစ်ပြီး လူ ၁၁၇ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
မစ္စတာ Zuma ကို ‌ထောင်ချခဲ့တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုတွေ အတွင်း အခုလိုအင်အားသုံးကြမ်းတမ်းမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူတစ်ချို့ဟာ လုယက်မှုတွေနဲ့ အဆောက်အအုံတွေကို မီးရှို့တာတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေချထားမှုကို ၅,၀၀၀ ကနေ ၂၅,၀၀၀ အထိ တိုးမြှင့်ချထားဖွယ်ရာရှိတယ်လို့ တောင်အာဖရိက အစိုးရက ပြောပါတယ်။
အဲဒီလိုမငြိမ်မသက်မှုတွေဟာ Johannesburg မြို့မှာ လျော့ကျလာတဲ့ လက္ခဏာတွေကို မြင်တွေ့လာရပြီး မြို့နေပြည်သူတွေဟာ လမ်းတွေပေါ်က အမှိုက်သရိုက်တွေကို သိမ်းဆည်းတာတွေ စတင်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံအရှေ့တောင်ပိုင်းက Durban မြို့နဲ့ တခြားအရပ်တွေမှာ အင်အားသုံးကြမ်းတမ်းမှုတွေ ဖြစ်နေတုန်းပါပဲ။ မြို့အာဏာပိုင်တွေက ဒီကိစ္စကြောင့် စီးပွားရေးဆိုင်ရာဆုံးရှုံးမှုတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလောက်ရှိမယ်လို့ ပြောပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းကို ရင်ဆိုင်နေရချိန်မှာ အခုလိုမတည်မငြိမ်မှုတွေဖြစ်လာခဲ့တာပါ။