အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိ ဂျပန်ကို လာရောက်မယ်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ လုံခြုံရေးနဲ့ တခြားကိစ္စတွေကို ဆွေးနွေးဖို့ ဂျပန်၊ တောင်ကိုရီးယားနဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို မကြာမီ သွားရောက်မှာ ဖြစ်ပါတယ်။

မီးစ် Sherman ဟာ တနင်္ဂနွေနေ့ကနေ ဇူလိုင်လ ၂၅ ရက်အထိ အဲဒီ ၃ နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
သူ့ ခရီးစဉ်ရဲ့ ပထမခရီးတစ်ထောက်မှာ မီးစ် Sherman ဟာ ဂျပန်ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mori Takeo ၊ တောင်ကိုရီးယားရဲ့ ပထမ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Choi Jong-kun တို့နဲ့ သုံးပွင့်ဆိုင် အစည်းအဝေးတစ်ခုကို တိုကျိုမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
သူတို့ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်တီထွင်မှု ကိစ္စတွေလိုမျိုး ဒေသတွင်း လုံခြုံရေးကိစ္စတွေအတွက် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
မီးစ် Sherman ရဲ့ ခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ လမ်းကြောင်းပြောင်းလဲစေဖို့အတွက် သမ္မတ Biden အစိုးရရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရှုမြင်ရပါတယ်။ တရုတ်ဟာ အဲဒီဒေသတွေမှာ နိုင်ထက်စီးနင်း ပြုလုပ်နေတယ်လို့ အမေရိကန်က ဆိုပါတယ်။
မီးစ် Sherman က တရုတ်ကို သွားရောက်နိုင်ခြေ ရှိပြီး အဲဒီအတွက် ပူးပေါင်းစီစဉ်မှုတွေ ရှိနေပြီ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ သူဟာ တရုတ်ကို သွားရောက်မယ့် သမ္မတ Biden အစိုးရရဲ့ ပထမဆုံး သံတမန်ရေးရာ အကြီးတန်းအရာရှိ တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။