အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ၅၈ ရာခိုင်နှုန်းဟာ Delta အမျိုးအစားကြောင့် ဖြစ်

အမေရိကန်ပြည်ထောင်စုက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၅၈ ရာခိုင်နှုန်းလောက်ဟာ အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး စင်တာ (CDC) က ပြောပါတယ်။

အမေရိကန်မှာ ဗုဒ္ဓဟူးနေ့အထိ တစ်နေ့တာ ကူးစက်မှုရဲ့ ၇ ရက်တာ ပျမ်းမျှအရေအတွက်ဟာ ၂၁,၄၂၀ ဦး ရှိပြီး ပြီးခဲ့တဲ့ အပတ်ကထက် ၄၃ ရာခိုင်နှုန်း မြင့်မားလာခဲ့တယ်လို့ CDC က ပြောပါတယ်။ ကူးစက်မှုကြောင့် ဆေးရုံတင်လူနာ ၂,၅၀၇ ဦး ရှိပြီး ၂၆ ရာခိုင်နှုန်း မြင့်မားလာတာ ဖြစ်ပါတယ်။
အလားတူကာလအတွင်း အမေရိကန်က ပြည်နယ် ၅၀ ထဲက ၄၂ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ၁၀ ရာခိုင်နှုန်းကျော် မြင့်မားလာခဲ့ပါတယ်။ တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာ အထူးသဖြင့် ကူးစက်မှုဟာ သိသိသာသာ မြင့်မားလာနေပါတယ်။ အဲဒီဒေသတွေဟာ တခြားဒေသတွေထက်စာရင် ကာကွယ်ဆေးထိုးပြီးသူ အချိုးအစား နည်းပါတယ်။
အမေရိကန် အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Vivek Murthy က ကျန်းမာရေးဆိုင်ရာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
မစ္စတာ Murthy က ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ရာမှာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေဟာ ခေတ်မီနည်းပညာကနေ တစ်ဆင့် လျင်မြန်စွာ ပြန့်ပွားနေတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့် ပြည်သူတချို့ဟာ ကာကွယ်ဆေးမထိုးဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။