အိုလံပစ် အပစ်အခတ်ရပ်ဆဲရေးကို လိုက်နာကြဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ပြိုင်ပွဲတွေအတွက် ပဋိပက္ခနဲ့ စစ်ပွဲတွေကို ရပ်တန့်ကြဖို့ သက်ဆိုင်သူတွေ အားလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။

မစ္စတာ Guterres ဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေ စတင်ဖို့ ၇ ရက်အလို ဂျပန်အချိန် သောကြာနေ့မှာ ဗီဒီယိုနဲ့ သတင်းစကား ပြောကြားခဲ့ချိန်က အဲဒီလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တောင်းဆိုမှုဟာ တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ပြိုင်ပွဲတွေ မစတင်မီ ၇ ရက်နဲ့ ပြီးဆုံးပြီး ၇ ရက်အထိ ကာလအတွင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အိုလံပစ် အပစ်အခတ်ရပ်စဲရေးကို လိုက်နာကြဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ ဖြစ်နေချိန်အတွင်း ကမ္ဘာတစ်ဝန်းက အားကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲတွေမှာ ပါဝင်ဖို့အတွက် ကြီးမားတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီး ဂျပန်ကို ရောက်လာကြမှာ ဖြစ်တယ်လို့ မစ္စတာ Guterres က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
မစ္စတာ Guterres က "ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် အားကစားသမားတွေလိုပဲ ကျွန်တော်တို့ရဲ့ အင်အားနဲ့ စည်းလုံးမှုကို ကြိုးစားပြီး ပြသဖို့ လိုအပ်တယ်"လို့ ဆိုပါတယ်။