ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ အပြည့်အဝ လုပ်ဆောင်ဖို့ အစိုးရအဖွဲ့ကို ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကို ဘေးကင်းလုံခြုံစွာ ကျင်းပနိုင်ဖို့အတွက် ဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို အပြည့်အဝ လုပ်ဆောင်ရေး အစွမ်းကုန် ကြိုးစားကြဖို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ညွှန်ကြားလိုက်ပါတယ်။

မစ္စတာ Suga ဟာ တိုကျိုအိုလံပစ်ဖွင့်ပွဲအခမ်းအနား မကျင်းပမီ တစ်ပတ်အလို သောကြာနေ့က ပွဲနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုမှာ အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ အရေးပေါ် အခြေအနေ ကြေညာထားချိန်မှာ ပြိုင်ပွဲတွေကို ကျင်းပမှာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို စေ့စေ့စပ်စပ် လုပ်ဆောင်မှာ ဖြစ်တယ်လို့ မစ္စတာ Suga က ကတိပေး ပြောကြားခဲ့ပါတယ်။
အားကစားသမားတွေနဲ့ အရာရှိတွေ ဂျပန်ကို ရောက်လာရင် ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးတာနဲ့ ကူးစက်မှု ခြေရာခံတာမျိုးတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ မစ္စတာ Suga က အလေးပေး ပြောကြားခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ပွဲကျင်းပရေးကော်မတီ၊ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဆိုက်ဘာ ရာဇဝတ်မှုနဲ့ ရထားလိုင်းတွေမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားရအောင် လုံခြုံရေး အားကောင်းအောင် ဆောင်ရွက်ဖို့လည်း မစ္စတာ Suga က ပြောကြားခဲ့ပါတယ်။