တိုကျိုအိုလံပစ်ကို ပွဲကြည့်ပရိသတ် အနည်းငယ်နဲ့ လာမယ့် သီတင်းပတ်အတွင်း စတင်မယ်

တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့အချိန်မှာ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကို ပွဲကြည့်ပရိသတ် အနည်းငယ်နဲ့ လာမယ့် သီတင်းပတ်မှာ ကျင်းပဖို့ ရှိပါတယ်။

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်တက်လာနေတဲ့အတွက် အိုလံပစ်ပြိုင်ပွဲ စီစဉ်သူတွေဟာ တိုကျိုနဲ့ အိမ်နီးချင်းခရိုင် ၃ ခု အပါအဝင် ပွဲကျင်းပမယ့် နေရာ အများစုမှာ ပွဲကြည့်ပရိသတ်တွေကို ဝင်ခွင့်မပြုဖို့ ပြီးခဲ့တဲ့ အပတ်က ဆုံးဖြတ်ခဲ့ပါတယ်။
တချို့ ခရိုင်တွေက ပွဲကျင်းပမယ့် နေရာတွေမှာ ပွဲကြည့်ပရိသတ်တွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
နိုင်ငံနဲ့ အားကစားအဖွဲ့အစည်း တစ်ခုချင်းစီက ပြိုင်ပွဲနဲ့ဆိုင်တဲ့ အရာရှိတွေ၊ ကိုယ်စားလှယ်တွေသာ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ ကနဦးပိုင်းမှာ ခန့်မှန်းထားခဲ့တဲ့ တက်ရောက်သူ အရေအတွက် ၁၀,၀၀၀ လောက်ကို ရာဂဏန်းလောက်အထိ လျှော့ချမှာ ဖြစ်ပါတယ်။
အိုလံပစ်ရွာကို ဖွင့်လှစ်ထားပြီ ဖြစ်ပြီး အားကစားသမားတွေ အများအပြားဟာ လေ့ကျင့်ရေးတွေ ပြီးမြောက်အောင် လုပ်ဖို့ ဂျပန်ကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ တချို့ အားကစားသမားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပွဲစဉ်တွေရဲ့ အချိန်ဇယားအပေါ် ဂယက်ရိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်မားလာနေပါတယ်။
ဖွင့်ပွဲအခမ်းအနားနဲ့ တခြား ပွဲတွေကို မကျင်းပမီ ဆော့ဖ်ဘော အားကစားရဲ့ ပထမဆုံးပွဲစဉ်ကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။