EU ရဲ့ အစီအစဉ်ကြောင့် ဂျပန် ကားကုမ္ပဏီတွေရဲ့ လျှပ်စစ်ယာဉ်ထုတ်လုပ်ရေး အရှိန်မြင့်လာဖွယ်ရှိ

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဥရောပသမဂ္ဂရဲ့ အစီအစဉ်ကို ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီတွေက အနီးကပ် စောင့်ကြည့်နေပါတယ်။

EU ဟာ ၂၀၃၅ ခုနှစ်မတိုင်မီ ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး ကားအသစ်တွေ ရောင်းချမှု တားမြစ်ရေး အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
EU က အဆိုတင်သွင်းခဲ့တဲ့ အဲဒီ တားမြစ်ရေးအစီအစဉ်မှာ ပါဝင်နေတဲ့ Hybrid ယာဉ်တွေရဲ့ ဈေးကွက်မှာ ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ အရေးသာတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး သူတို့က အထူး စိုးရိမ်နေကြပါတယ်။ Hybrid ယာဉ်တွေဟာ လျှပ်စစ်နဲ့ လောင်စာစွမ်းအင် နှစ်မျိုးလုံး သုံးထားပါတယ်။
ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ EU ရဲ့ အဲဒီ ကနဦးအစီအစဉ်အရ သူတို့ ရောင်းချတဲ့ ကားအမျိုးအစား အားလုံးကို လျှပ်စစ်စွမ်းအင်သုံးအဖြစ် ပြုပြင်ပြောင်းလဲဖို့ ဖြစ်လာမယ်လို့ ယူဆပါတယ်။
ဖုန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ လှုပ်ရှားမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဂျပန် ကုမ္ပဏီတွေဟာ ရည်မှန်းချက်အသစ်တွေကို ချမှတ်ထားပြီးပြီ ဖြစ်ပါတယ်။
Toyota ဟာ ဥရောပမှာ ရောင်းချမယ့် သူ့ ကုမ္ပဏီက ယာဉ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကို ၂၀၃၀ ပြည့်နှစ် မတိုင်မီ လျှပ်စစ်နဲ့ လောင်စာဆဲလ်သုံး ယာဉ်တွေအဖြစ် ပြောင်းလဲနိုင်အောင် ရည်ရွယ်ထားပါတယ်။ ကျန်တဲ့ ယာဉ်တွေကတော့ Hybrid အမျိုးအစားတွေ ဖြစ်မှာပါ။ Nissan ဟာ ၂၀၃၀ ပြည့်နှစ်တွေရဲ့ အစောပိုင်းမှာ ဥရောပအပါအဝင် အဓိကဈေးကွက်ကြီးတွေမှာ ရောင်းချမယ့် သူ့ ကုမ္ပဏီက ယာဉ်အားလုံးကို လျှပ်စစ်စွမ်းအင်သုံး ယာဉ်တွေနဲ့ Hybrid ယာဉ်တွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ Honda ဟာ ၂၀၄၀ ပြည့်နှစ်မတိုင်မီ နိုင်ငံတကာမှာ ရောင်းချမယ့် ယာဉ်တွေ အားလုံးကို လျှပ်စစ်နဲ့ လောင်စာဆဲလ် သုံး ယာဉ်တွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။