ဂျပန်မှာ သေဆုံးသွားတဲ့ သီရိလင်္ကာအမျိုးသမီးရဲ့ မိသားစုကို တာဝန်ခံဆရာဝန်က ရှင်းလင်းပြောကြား

ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ သေဆုံးခဲ့တဲ့ သီရိလင်္ကာအမျိုးသမီးရဲ့ မိသားစုကို သူမသေခင် တစ်လလောက်က စမ်းသပ်စစ်ဆေးခဲ့တဲ့ ဆရာဝန်က အနေအထားကို ရှင်းပြခဲ့ပါတယ်။

အသက် ၃၃ နှစ် အရွယ် Wishma Sandamali ဟာ ဗီဇာအရ ခွင့်ပြုထားတဲ့ရက်ကို ကျော်လွန်ပြီး တရားမဝင် နေထိုင်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံအလယ်ပိုင်း Nagoya မြို့မှာရှိတဲ့ အဆောက်အအုံ တစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
သူ နေမကောင်းကြောင်းကို ဇန်နဝါရီလလယ်က စပြီး အရေးဆိုခဲ့ပါတယ်။ သူ့ကို ဆရာဝန်တွေနဲ့ ပြခဲ့ကြပေမဲ့ ဆေးရုံတင်တာမျိုးမရှိခဲ့ဘဲ မတ်လမှာ သေဆုံးခဲ့ပါတယ်။
အဲဒီအမျိုးသမီးရဲ့ ညီမနှစ်ယောက်ဟာ Nagoya မြို့မှာ ကြည့်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦးနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။
သေဆုံးသူအမျိုးသမီး မိသားစုရဲ့ရှေ့နေတွေရဲ့အဆိုအရ အဲဒီဆရာဝန်က လူနာကြည့်ရှုမှုမှတ်တမ်းမှာ ဆေးကို ပါးစပ်ကနေ မသောက်နိုင်ဘူးဆိုရင် အကြောဆေးသွင်းတာ၊ ဆေးရုံတင်တာတွေ လုပ်သင့်တယ်လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အစာအိမ်လမ်းကြောင်းကို မှန်ပြောင်းနဲ့ကြည့်ပြီး စမ်းသပ်စစ်ဆေးခဲ့ရာမှာ မူမမှန်တာမျိုး မတွေ့ရှိခဲ့တဲ့အတွက် သူ့ကို ဆေးရုံတင်ဖို့ မညွှန်ကြားခဲ့ဘူးလို့ ဆရာဝန်က ရှင်းပြခဲ့ပါတယ်။
ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး အစာအိမ်လမ်းကြောင်းနဲ့ ပတ်သက်တာကိုပဲ စစ်ဆေးဖို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တောင်းဆိုခဲ့တယ်လို့လည်း အဲဒီဆရာဝန်က ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုနောက်မှာ သေဆုံးသူအမျိုးသမီးရဲ့ ညီမတွေက လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေကို အပြစ်တင်ခဲ့ကြပါတယ်။
အမျိုးသမီးရဲ့ မိသားစု ကိုယ်စားလှယ် ရှေ့နေ Ibusuki Shoichi က လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်တဲ့ အခြေခံကျတဲ့ ပြဿနာတွေကို ထောက်ပြခဲ့ပြီး လူတွေကို တာဝန်ယူပြီး ထိန်းသိမ်းချုပ်နှောင်နိုင်တဲ့ အဖွဲ့အစည်းဟုတ်ရဲ့လားလို့ သံသယဖြစ်စရာကောင်းနေတယ်လို့ ပြောခဲ့ပါတယ်။