မြန်မာနိုင်ငံမှာ COVID ကြောင့် သေဆုံးမှုတွေ မြင့်တက်

မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု တစ်ဟုန်ထိုး မြင့်တက်လာနေပြီး မီးသင်္ဂြိုဟ်တဲ့နေရာတွေမှာ အလောင်းတွေ ပြည့်နှက်နေပါတယ်။

မြန်မာ ကျန်းမာရေးအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ ၂၀၈,၃၅၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက လေးပုံ တစ်ပုံလောက်ဟာ အခုလရဲ့ ပထမ သီတင်းနှစ်ပတ်အတွင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
COVID-19 ကြောင့် နေ့စဉ် သေဆုံးမှုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ ရက်အတွင်းမှာ စံချိန်တင်အောင် မြင့်တက်ခဲ့ပါတယ်။ ရောဂါပိုး စစ်ဆေးခံခဲ့သူတွေထဲက ပိုးတွေ့တဲ့ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ၃၀ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့ပါတယ်။
ကူးစက်မှုနဲ့ သေဆုံးမှု လက်တွေ့ အရေအတွက်ဟာ တရားဝင် အချက်အလက်တွေထက် အများကြီးပိုနေနိုင်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။
မီးသင်္ဂြိုဟ်တဲ့နေရာတွေကို ရောက်ရှိလာတဲ့ အလောင်းအရေအတွက်ဟာ စက်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို အများကြီး ကျော်လွန်နေပါတယ်။ ရန်ကုန်မြို့က မီးသင်္ဂြိုဟ်တဲ့ နေရာတစ်ခုမှာ အလောင်းတွေကို အဆောက်အအုံ အပြင်မှာ ထားထားရပါတယ်။
ဖေဖော်ဝါရီလမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ရှုပ်ထွေးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ အလုံးစုံ ဖရိုဖရဲ ဖြစ်ခဲ့ရပါတယ်။
ကူးစက်ခံထားရတဲ့ ဒါမှမဟုတ် ကူးစက်မှု သံသယရှိတဲ့ လူအများအပြား သင့်လျှော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မခံယူနိုင်ဘဲ နေအိမ်တွေမှာ နေနေကြရပါတယ်။ နာမကျန်းဖြစ်နေတဲ့ မိသားစုဝင်တွေအတွက် ဆေးကုသရေး အောက်ဆီဂျင် ရရှိဖို့ နိုင်ငံတစ်ဝန်းက အောက်ဆီဂျင်စက်ရုံတွေမှာ လူတန်းရှည်ကြီးတွေ ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးက သူတို့နိုင်ငံသားတွေအနေနဲ့ နိုင်ငံကိုယာယီပြန်ရေး စဉ်းစားကြဖို့ တိုက်တွန်းနေပါတယ်။