Moderna ကာကွယ်ဆေးရဲ့ အနိမ့်ဆုံး အသက်ကန့်သတ်ချက်ကို ၁၂ နှစ်အဖြစ် ပြင်ဆင်သတ်မှတ်မယ်

Moderna ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသက်ကန့်သတ်ချက်ကို ၁၂ နှစ် အဖြစ် နှိမ့်ချ ပြင်ဆင်သတ်မှတ်ဖို့ ဂျပန့် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း NHK က သိရှိခဲ့ရပါတယ်။

လက်ရှိအနေအထားမှာ အမေရိကန် ဆေးဝါးကုမ္ပဏီ Moderna ရဲ့ ကာကွယ်ဆေးကို ဂျပန်မှာ အသက် ၁၈ နှစ်နဲ့ အထက်တွေကိုပဲ ထိုးပေးနေပါတယ်။ မေလမှာ ဒီဆေးကို အတည်ပြုခဲ့ချိန်က ထိရောက်မှုနဲ့ ဘေးကင်းမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မပြည့်စုံခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အတွင်း လူပေါင်း ၃,၇၀၀ မှာ လုပ်ဆောင်ခဲ့တဲ့ လက်တွေ့စစ်ဆေးမှုတစ်ခုအရ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုကို အတည်ပြုခဲ့တယ်လို့ Moderna က ဆိုပါတယ်။
ဂျပန်မှာ ဒီ ကာကွယ်ဆေး ဖြန့်ဖြူးရေးနဲ့ တခြားလုပ်ငန်းဆောင်တာတွေကို တာဝန်ယူထားတဲ့ Takeda Pharmaceutical ကုမ္ပဏီကတစ်ဆင့် Moderna က ဂျပန် ကျန်းမာရေးဝန်ကြီးဌာနဆီကို ထပ်ဆောင်းအချက်အလက်တွေကို တင်ပြခဲ့ပါတယ်။ အခုလို အပြောင်းအလဲနဲ့ ပတ်သက်တဲ့ စိစစ်မှုတွေဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။