အိုလံပစ်ပွဲ ဘေးကင်းလုံခြုံရေး သန္နိဋ္ဌာန်တွေကို ဂျပန် ဝန်ကြီးချုပ်နဲ့ IOC ဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကို အစွမ်းကုန် လုပ်ဆောင်ပြီး လာမယ့် တိုကျို အိုလံပစ်အားကစားပွဲကို ဘေးကင်းလုံခြုံစွာ ကျင်းပသွားဖို့ သန္နိဋ္ဌာန်ကို ဂျပန် ဝန်ကြီးချုပ် Suga Yoshihide က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach နဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ မစ္စတာ Suga က အဲဒီလို မှတ်ချက်စကားကို ပြောကြားခဲ့တာဖြစ်ပါတယ်။
အားကစားသမားတွေရဲ့ စွမ်းဆောင်မှုတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားနဲ့ မျှော်လင့်ချက်တွေကို ယူဆောင်လာမယ်လို့ သူမျှော်လင့်ကြောင်း မစ္စတာ Suga က ပြောပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်လို့လည်း တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ လူသားတွေရဲ့ ခွန်အားနဲ့ ဉာဏ်ပညာ အစွမ်းတွေကို စုစည်းပြီး ဒီ အကျပ်အတည်းကို ကျော်လွှားမယ်ဆိုတဲ့ သတင်းစကားကို ပါးလိုတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒီ အားကစားပွဲတွေကို ဘေးကင်းကင်းနဲ့ ကျင်းပရေး အာမခံပေးဖို့ မစ္စတာ Suga က မစ္စတာ Bach ကို တောင်းဆိုခဲ့ပါတယ်။ ဒီ အားကစားပွဲတွေ အောင်အောင်မြင်မြင်ကျင်းပရေးနဲ့ ဂျပန်ပြည်သူတွေရဲ့ နားလည်မှု ရရှိရေးအတွက် ပါဝင်သူတွေအားလုံးက ကူးစက်မှုတားဆီးရေး ဆောင်ရွက်ချက် အကောင်အထည်ဖော်တာ အပါအဝင် သင့်လျှော်တဲ့ လှုပ်ရှားမှုတွေကို လုပ်ကိုင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ဒါဟာ ခက်ခဲတဲ့ လမ်းခရီးဖြစ်ခဲ့ပေမဲ့ တိုကျို အားကစားပွဲတွေဟာ သမိုင်းတွင်မယ့် ပွဲဖြစ်တယ်လို့ သူပြောနိုင်တယ်လို့ မစ္စတာ Bach က ဆိုပါတယ်။ ဂျပန် ပြည်သူတွေအတွက် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်လာစေဖို့ အိုလံပစ် အသိုက်အဝန်းအနေနဲ့ အစွမ်းကုန်လုပ်ဆောင်မယ့် သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားလိုတယ်လို့ သူက ဆိုပါတယ်။