အိုလံပစ် မီးရှူးတိုင် အနီးပတ်ဝန်းကျင်မှာ စုဝေးကြည့်ရှုမှု မပြုဖို့ ပွဲစီစဉ်သူတွေ တိုက်တွန်းမယ်

တိုကျိုရဲ့ ကမ်းနား ဧရိယာမှာရှိတဲ့ အိုလံပစ် မီးရှူးတိုင်ကို လူတွေစုဝေး ကြည့်ရှုတာ မလုပ်ဖို့ တိုကျို အားကစားပွဲတွေ ကျင်းပရေးဆိုင်ရာ ကော်မတီက တောင်းဆိုမယ်ဆိုတာကို NHK က သိရှိရပါတယ်။

ဒီကော်မတီအနေနဲ့ လူတွေသွားလာမှုနဲ့ လူစုလူဝေး ဖြစ်မှုတွေကို တားဆီးဖို့ အဲဒီလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာချက်ကို နောက်တစ်ကြိမ် ထုတ်ပြန်ထားပါတယ်။ ပွဲကျင်းပရေး ကော်မတီက အဲဒီ မီးရှူးတိုင် အနီးတဝိုက်ကို မဝင်ရဇုန်အဖြစ် သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
Tokyo Waterfront City လို့ လူသိများတဲ့ ကမ်းနား ဧရိယာမှာ ဒီ မီးရှူးတိုင်သာမက စကိတ်ဘုတ်နဲ့ sport climbing တွေအတွက် အပါအဝင် နေရာ ၇ ခု လက်ခံ ထားရှိမှာ ဖြစ်ပါတယ်။ အားကစားပွဲတွေအတွင်း အဲဒီ ဧရိယာမှာ ပွဲလမ်းအမျိုးမျိုး ကျင်းပဖို့ ကနဦးက စီစဉ်ထားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ ဧရိယာမှာ ဧည့်သည်တွေအတွက် အားကစားနဲ့ပတ်သက်တဲ့ ပွဲလမ်း အများအပြားကို ဖျက်သိမ်းဖို့ ကျင်းပသူတွေက ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ စပွန်ဆာတွေရဲ့ ယာယီတဲတွေ နဲ့ အားကစားပွဲအတွက် လိုင်စင်ထုတ်ပေးထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေ ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီးလည်း သူတို့က ပြန်လည်သုံးသပ်မယ်လို့ မျှော်လင့်ရပါတယ်။