တိုကျိုအားကစားပွဲရဲ့ စေတနာ့ဝန်ထမ်းဝတ်စုံတွေ အင်တာနက်ပေါ်မှာ ရောင်းချနေတာ တွေ့ရ

တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ်ပြိုင်ပွဲတွေရဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ပေးထားတဲ့ ဝတ်စုံတချို့ကို အင်တာနက်ပေါ်မှာ ရောင်းချနေတာ တွေ့ရတယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ဆိုပါတယ်။

အားကစားပွဲ ကျင်းပမယ့်နေရာတွေမှာ ကူညီလုပ်ကိုင်ပေးမယ့် လုပ်အားပေး စေတနာ့ဝန်ထမ်းတွေကို ပိုလိုရှပ်အင်္ကျီတွေ၊ ဘောင်းဘီတွေ၊ ဖိနပ်တွေနဲ့ တခြားပစ္စည်းတွေ ထုတ်ပေးထားပါတယ်။
ဒါပေမဲ့ အဟောင်းစျေး အပလီကေးရှင်းတွေနဲ့ လေလံ ဝက်ဘ်ဆိုက်တွေမှာ ပြန်ရောင်းချနေတာတွေကို တွေ့နေရတယ်လို့ ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်နေရာမှာဆိုရင် ပိုလိုရှပ်အင်္ကျီတစ်ထည်ကို အမေရိကန်ဒေါ်လာ ၉၀ ကျော်နဲ့ စျေးနှုန်းသတ်မှတ်ထားတာ တွေ့ရပါတယ်။ တခြားတစ်နေရာမှာတော့ ပေးထားတဲ့ ပစ္စည်းအစုံလိုက်ကို တင်ရောင်းထားပါတယ်။
ရောင်းချသူတချို့က သူတို့ဟာ အဲဒီပြိုင်ပွဲတွေရဲ့ စေတနာ့ဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်လိုက်တာကြောင့် အဲဒီ ပစ္စည်းတွေကို ရောင်းတာဖြစ်တယ်လို့တောင် ရေးသားထားပါတယ်။
ဇွန်လအစောပိုင်းအထိ အဲဒီအားကစားပွဲတွေကနေ စေတနာ့၀န်ထမ်း ၁၀,၀၀၀ လောက် နုတ်ထွက်သွားခဲ့ပါတယ်။ အရာရှိတွေက အဲဒီသူတွေအနေနဲ့ ဝတ်စုံတွေနဲ့ တခြားပစ္စည်းတွေကို ပြန်ပေးရမယ်လို့ ဆိုပါတယ်။ ပေးထားတဲ့ပစ္စည်းတွေကို ရောင်းချတာနဲ့ လွှဲပြောင်းပေးတာတွေကို ကော်မတီ စည်းကမ်းအရ တားမြစ်ထားတယ်လို့ ဆိုပါတယ်။
မလိုလားအပ်တဲ့သူတွေလက်ထဲ ဒီပစ္စည်းတွေရောက်သွားရင် ရာဇဝတ်မှုတွေမှာ အသုံးပြုနိုင်တာကြောင့် ဒါတွေကို ရောင်းချနေတာဟာ အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။