တရုတ်နိုင်ငံ Xinjiang ဒေသနဲ့ပတ်သက်ပြီး အမေရိကန်က စီးပွားရေးလုပ်ငန်းတွေကို သတိပေး

တရုတ်နိုင်ငံ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရပ်တန့်ဖို့ အမေရိကန်အစိုးရက စီးပွားရေးလုပ်ငန်းတွေကို တောင်းခံချက်အသစ်တွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Antony Blinkenက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အစိုးရဟာ အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ အရောင်းအဝယ်တွေအပေါ် စီးပွားရေးလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက် အသစ်တစ်ခု ထုတ်ပြန်ခဲ့တယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ အဲဒီဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေပြီး အဓမ္မ လုပ်အားစေခိုင်းထားတဲ့ သက်သေအထောက်အထားတွေ များပြားလာနေတယ်လို့ သူက မှတ်ချက်ပြုထားပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေဟာ အတင်းအဓမ္မ လုပ်အားစေခိုင်းပြီး ထုတ်လုပ်ထားတာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်ရှိစေဖို့နဲ့ သူတို့ရောင်းချတဲ့ ကုန်ပစ္စည်းနဲ့နည်းပညာတွေဟာ လူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အပြုအမူတွေကို စောင့်ကြည့်ရာမှာ အသုံးပြုတဲ့အရာမျိုး မဖြစ်စေဖို့ မစ္စတာ Blinken က တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ရဲ့ ဥပဒေကို ချိုးဖောက်နိုင်တဲ့ အန္တရာယ် ကြီးမားတာကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ဆက်စပ်နေတဲ့ အဲဒီဒေသကကုမ္ပဏီတွေနဲ့ အဆက်အသွယ် မပြုလုပ်ကြဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။
သမ္မတ Joe Biden အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အပေါ် ဖိအားတိုးမြှင့်ပေးနေပါတယ်။