အမေရိကန် ဘေ့စ်ဘော All-Star Game မှာ ဂျပန်အားကစားသမား Ohtani သမိုင်းတွင်ခဲ့

ဂျပန်လူမျိုး ဘေ့စ်ဘော နာမည်ကျော် အားကစားသမား Ohtani Shohei ဟာ အမေရိကန် ကြေးစားဘေ့စ်ဘော Major League ရဲ့ All-Star Game ပွဲစဉ်မှာ အများက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မြောက်အောင် ကြိုးစားခဲ့ပါတယ်။

သူဟာ အလှည့်တစ်ခုမှာ ပြိုင်ဘက်က အမှတ်မရအောင် ဘောလုံးကို ပစ်နိုင်ခဲ့ပြီး အနိုင်ပွဲတစ်ခု ရရှိသွားခဲ့ပါတယ်။ Los Angeles Angels အသင်းက ထင်ရှားတဲ့ ကစားသမား Ohtani ဟာ ဒီပွဲတွေရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး ဘောလုံးရိုက်သူရော ပစ်သူအဖြစ်ပါ ကစားတဲ့သူ ဖြစ်လာခဲ့ပါတယ်။
ကိုရိုရာဒိုပြည်နယ်၊ ဒဲန်းဗာမြို့က Coors Field ကွင်းမှာ အသက် ၂၇ နှစ်အရွယ် Ohtani ဟာ American League အသင်းရဲ့ ဗွေဆော်ဦး ဘောလုံးရိုက်သူအဖြစ်နဲ့ ပွဲကို စဖွင့်ခဲ့ပါတယ်။ သူရင်ဆိုင်ရတဲ့ ဘောလုံးပစ်သူကတော့ Washinton Nationals အသင်းက Max Scherzer ဖြစ်ပါတယ်။ အချက်အနည်းငယ် လွဲခဲ့ပြီးနောက် Ohtani က ဘောလုံးကို ထိအောင် ရိုက်နိုင်ခဲ့ပေမဲ့ ပထမ ဘေ့စ်နေရာမှာ ဖမ်းမိသွားခဲ့ပါတယ်။
အဲဒီနောက် American League အသင်းက ပစ်ရတဲ့အလှည့်မှာတော့ Ohtani ဟာ ပထမဦးဆုံး ဘောလုံးပစ်သူအဖြစ်နဲ့ ကွင်းလယ်ကို ဆင်းလာခဲ့ပါတယ်။ သူဟာ ပြိုင်ဖက်အသင်းရဲ့ ဘောလုံးရိုက်သူ ၃ ဦးစလုံးကို တာမထွက်နိုင်အောင် ပစ်နိုင်ခဲ့ပါတယ်။
ဂျပန်လူမျိုး ဘေ့စ်ဘော ဘောလုံးပစ်သူတွေထဲမှာ ၁၉၉၅ ခုနှစ်က Nomo Hideo ပြီးရင် Ohtani ဟာ All-Star Game ပွဲစဉ်မှာ ဒုတိယမြောက် ပထမဦးဆုံး ဘောလုံးပစ်သူအဖြစ် ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးတဲ့နောက်မှာ Ohtani က "ပျော်စရာကောင်းပါတယ်။ စိတ်လှုပ်ရှား စိုးရိမ်နေတာမျိုး မရှိခဲ့ပါဘူး။ နောက်တစ်ကြိမ် All-Star Game မှာ တကယ်ပဲ ထပ်ကစားချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။