"အမည်းရောင်မိုး" ထိတွေ့ခံရသူတွေနဲ့ ပတ်သက်ပြီး အောက်တရားရုံးက စီရင်ချက်ကို အထက်တရားရုံး အတည်ပြု

တရားဝင်သတ်မှတ်ထားတဲ့ဧရိယာပြင်ပမှာ ရှိနေခဲ့သူတွေကို အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူ "ဟီဘကုရှ" တွေ အဖြစ် အသိအမှတ်ပြုဖို့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဟီရိုရှီးမားမြို့က တရားရုံးက အတည်ပြုခဲ့ပါတယ်။

အဲဒီကိစ္စမှာ ဟီရိုရှီးမားမြို့မှာ ၁၉၄၅ ခုနှစ်က အဏုမြူ ဗုံးကြဲချခံရပြီးနောက် ရွာသွန်းခဲ့တဲ့ ရေဒီယိုသတ္တိကြွဒြပ်တွေ ပါတဲ့ မိုးရေတွေနဲ့ ထိတွေ့ခဲ့သူတွေ ပါဝင်ပါတယ်။
ဟီရိုရှီးမား အထက်တရားရုံးက အယူခံလျှောက်ထားမှုအတွက် ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဟီရိုရှီးမားခရိုင်နဲ့ ဟီရိုရှီးမားမြို့ကို တရားစွဲခဲ့ကြသူ စုစုပေါင်း တရားလို ၈၄ ဦးရှိပြီး သူတို့ထဲက အများစုဟာ အသက်အရွယ်ကြီးတဲ့ ဒေသခံတွေနဲ့ သူတို့မိသားစုဝင်တွေ ဖြစ်ပါတယ်။
"အမည်းရောင်မိုး" လို့ လူသိများတဲ့ မိုးရေတွေနဲ့ ထိတွေ့ရာကနေ ကျန်းမာရေး ထိခိုက်ခဲ့ရတယ်လို့ သူတို့တွေက ပြောပါတယ်။
သူတို့တွေကို အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေအဖြစ် အသိအမှတ်ပြုတဲ့ တရားဝင်အထောက်အထားလက်မှတ် ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလို အသိအမှတ်ပြု ခံရသူတွေဟာ ဆေးကုသမှုဆိုင်ရာ ခံစားခွင့်အတွက် အကျုံးဝင်ပါတယ်။
တရားလိုတွေဟာ သတ်မှတ်ထားတဲ့ ဧရိယာပြင်ပမှာ ရှိနေခဲ့ပြီး အဲဒီအကျိုးခံစားခွင့်အတွက် အကျုံးမဝင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဟီရိုရှီးမား ခရိုင်တရားရုံးရဲ့ စီရင်ချက်အရ အဲဒီတရားလိုအားလုံးကို ပထမဆုံးအကြိမ် ဟီဘကုရှတွေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီမြို့နဲ့ ခရိုင်က အယူခံဝင်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က တရားရုံးရဲ့ စီရင်ချက်ဟာ "အမည်းရောင်မိုး" ထိတွေ့ခဲ့တဲ့ ဧရိယာနယ်ပယ်ကို တိုးချဲ့မလားဆိုတာကို လေ့လာနေတဲ့ အစိုးရကော်မတီရဲ့ ဆွေးနွေမှုတွေအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ NHK သတင်းထောက် တစ်ဦးက ပြောပါတယ်။