ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှုစွဲချက်သစ် ၄ ခုနဲ့ ရင်ဆိုင်နေရ

ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ၄ ခု နဲ့ နောက်ထပ် စွဲချက် တင်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

စွဲချက်အသစ်အတွေအတွက် တရားရုံးလုပ်ငန်းစဉ်တွေကို ဇူလိုင်လ ၂၂ ရက်မှာ စလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အင်္ဂါနေ့က ပြောပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး သူတို့ ကြည့်ခွင့်မရှိတဲ့အတွက်ကြောင့် အသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသန္တရအစိုးရအဖွဲ့အရာရှိ တစ်ဦးဆီကနေ ငွေသား အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ ၁၁ ကီလိုဂရမ်လောက်ရှိတဲ့ ရွှေတွေကို တရားမဝင် လက်ခံခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်ပေါက်ဈေးထက်နိမ့်တဲ့ မြေယာအဆောက်အအုံငှားရမ်းမှုကို သူစီမံခန့်ခွဲနေတဲ့ ဖောင်ဒေးရှင်းကိုအထောက်အပံ့ဖြစ်စေဖို့ သူ့ရာထူးကို အလွဲသုံးစား လုပ်ခဲ့တယ်လို့လည်း အဲဒီမီဒီယာက ဆိုပါတယ်။ စွဲချက်အသစ်တွေက ဒီစွဲချက်တွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲချက် ၆ ခု တင်ခံထားရပြီး ဖြစ်ပါတယ်။
စွဲချက် ၅ ခုကို စတင်စစ်ဆေးနေပြီ ဖြစ်ပေမဲ့ ဥပဒေအရာရှိတွေက နောက်ထပ်သက်သေတွေ တင်သွင်းနေတဲ့အတွက်ကြောင့် သူ့ရဲ့ ရှေ့နေတွေ မျှော်လင့်ထားတာထက် လုပ်ငန်းစဉ်တွေက နှေးကွေးနေပါတယ်။
အခုလို စွဲချက်တွေ ထပ်မံတင်လိုက်ခြင်းအားဖြင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြာရှည်ထိန်းသိမ်းထားဖို့ ကြိုးစားနေပုံရပါတယ်။