အငြင်းပွားဖွယ်တောင်းဆိုမှုအတွက် ဂျပန်ဝန်ကြီးချုပ် တောင်းပန်

ဂျပန်အစိုးရက အရက်လက်ကားရောင်းသူတွေအတွက် အငြင်းပွားစရာတွေဖြစ်နေတဲ့ တောင်းဆိုမှုကို ရုပ်သိမ်းလိုက်ပါတယ်။ အရက်ရောင်းချတာကို တားမြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို မလိုက်နာတဲ့ အရက်ဆိုင်တွေနဲ့ အရောင်းအဝယ် မလုပ်ဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ပါတယ်။

အဲဒီအစီအစဉ်အပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ဖြစ်လာခဲ့ပြီး ဒါနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် Suga Yoshihide က တောင်းပန်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ မစ္စတာ Suga က သတင်းထောက်တွေ ကို " ဒီတောင်းဆိုမှုကို ရုပ်သိမ်းလိုက်ပါပြီ။ လူတော်တော် များများကို အခက်အခဲတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန် ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ် အသေးစိတ်နဲ့ ပတ်သက်ပြီး ကြိုတင်သိထား သလားလို့ မေးမြန်းရာမှာတော့ မစ္စတာ Suga က ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။
ကပ်ရောဂါကို ရင်ဆိုင်ရာမှာ အရက်သေစာ တည်ခင်းမရောင်းချဖို့ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ထောက်ပံ့ငွေပေးတာတွေလိုမျိုး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း မစ္စတာSuga က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်က အရက်လက်ကားရောင်းသူတွေနဲ့ အတိုက်အခံ ပါတီတွေသာမက အာဏာရညွန့်ပေါင်းအဖွဲ့အတွင်းကပါ အပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို စီးပွားရေးလုပ်ငန်းတွေ လိုက်နာဖို့အတွက် ဘဏ်စတဲ့ ငွေကြေးအဖွဲ့အစည်းတွေကနေတစ်ဆင့် တိုက်တွန်း ခိုင်းမယ်ဆိုတဲ့ အစီအစဉ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီးက ဒီသီတင်းပတ်ထဲမှာ ရုပ်သိမ်းလိုက်ပြီးနောက် အခုလို ကိစ္စ ဖြစ်လာခဲ့တာပါ။
ဗုဒ္ဓဟူးနေ့မှာပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့ဝင်တွေ အပြစ်တင်ခံရဖွယ်ရှိတယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။ မစ္စတာ Suga အစိုးရအဖွဲ့ဟာ ကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။