လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စစ်ဆေးဖို့ အဝတ်အထည် ကုမ္ပဏီတွေကို ဂျပန်အစိုးရ တောင်းဆို

ဂျပန်အစိုးရဟာ ဂျပန် ပြည်တွင်းက အဝတ်အထည်လုပ်ငန်းတွေဆီကို ကုန်ပစ္စည်းတင်သွင်းသူတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျပန်စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက အစီရင်ခံစာ တစ်စောင်မှာ ဂျပန်နိုင်ငံက ကုမ္ပဏီ အများအပြားမှာ နိုင်ငံခြားသား အလုပ်သင်တွေကို ချည်ငင်တာက စပြီး အပ်ချုပ်တာအထိ ထုတ်လုပ်ရေးပိုင်းက အဆင့်အမျိုးမျိုးမှာ အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ အစီရင်ခံစာမှာ တရားဥပဒေ ချိုးဖောက်မှုတွေကို ထောက်ပြထားပါတယ်။ အဲဒီချိုးဖောက်မှုတွေထဲမှာ လုပ်ငန်းရှင်တွေက အလုပ်သင်လုပ်သားတွေကို သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အခြေခံလစာထက် လျှော့ပေးတာနဲ့ တရားမဝင် အတင်းအဓမ္မ အချိန်ပို ဆင်းခိုင်းတာတွေ ပါဝင်ပါတယ်။
ထုတ်လုပ်မှု၊ ဖြန့်ချိရောင်းချမှုနဲ့ ဆိုင်တဲ့ အခြေအနေတစ်ခုလုံးကို ဂဃနဏ သိအောင် လုပ်ထားဖို့ အဝတ်အထည် ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိ စစ်ဆေးအတည်ပြုဖို့ အဝတ်အထည် လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာ အလုပ်သမားများ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လမ်းညွှန်ချက် အသစ်တစ်ခု ထုတ်ပြန်ဖို့ အဲဒီအစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။
ဂျပန် အထည်အလိပ်လုပ်ငန်းဆိုင်ရာ အဖွဲ့ချုပ်က အဲဒီ လမ်းညွှန်ချက်မှာ ဘယ်လို အချက်တွေ ထည့်မလဲဆိုတာကို စဉ်းစားဖို့ စီစဉ်နေပါတယ်။
တရုတ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ချည်ထည် ကုန်ပစ္စည်းတွေကို အတင်းအဓမ္မ လုပ်အားခိုင်းစေပြီး ထုတ်လုပ်ထားတယ်ဆိုတဲ့အပေါ် နိုင်ငံတကာက ဝေဖန်နေချိန်မှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။