ဖူကုရှီမက ပြုပြင်ထားတဲ့ ရေတွေ စိတ်ချရတယ်ဆိုတာကို ပြဖို့ TEPCO အဆိုတင်သွင်း

မတော်တဆမှုကြောင့် ပျက်စီးသွားတဲ့ ဖူကုရှီမ အမှတ် (၁) နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီဟာ သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ ရှိတဲ့ ပြုပြင်ထားတဲ့ ရေတွေ စိတ်ချရမှုကို ဆုံးဖြတ်ဖို့ နည်းလမ်းကို အဆိုတင်သွင်းလိုက်ပါတယ်။

ဂျပန်အစိုးရဟာ ၂ နှစ်လောက်အတွင်းမှာ အဲဒီ ရေတွေကို စွန့်ပစ်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး ဧပြီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံက သတ်မှတ်ထားတဲ့ အဆင့်ထက် ထရီတီယံလို ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းတွေ ပါဝင်မှု နည်းသွားအောင် ပြုပြင်ထားတဲ့ ရေတွေကို ရေ ထပ်ရောမှာ ဖြစ်ပါတယ်။
တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ (TEPCO) ဟာ တနင်္လာနေ့က နျူကလီးယား ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ အစည်းအဝေးတစ်ခုမှာ ဒီအဆိုကို တင်သွင်းခဲ့ပါတယ်။
နိုင်ငံက သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို ပြည့်မီဖို့အတွက် ရေမရောခင်မှာ ထရီတီယံ ပါဝင်မှုကို တိုင်းတာပြီး ရောမယ့် ပင်လယ်ရေကို တွက်ချက်ထားတဲ့ ပမာဏနဲ့ နိုင်ငံက သတ်မှတ်ထားတဲ့ အဆင့်ထက် ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းတွေ ပါဝင်မှု နည်းမနည်းဆိုတာကို စစ်ဆေးနိုင်တယ်လို့ TEPCO က အဆိုတင်သွင်းခဲ့ပါတယ်။
ထရီတီယံသတ္တုရဲ့ သဘာဝကြောင့် ရေရောပြီးသား အနေအထားဆိုရင် ထရီတီယံ ပါဝင်မှု အဆင့်ကို တိုင်းဖို့ အချိန် အတော် ကြာတယ်လို့ သိရပါတယ်။
တစ်နေ့ကို ပြုပြင်ထားတဲ့ ရေ ၅၀၀ ကုဗမီတာအထိ စွန့်ပစ်မှာ ဖြစ်တယ်လို့ TEPCO က ပြောပါတယ်။ ပင်လယ်ရေ စုပ်ယူဖို့ ကြီးမားတဲ့ ရေစုပ်စက် ၃ လုံး ထားရှိမယ်ဆိုတာနဲ့ အချင်း ၂ မီတာ ရှိတဲ့ ရေပိုက်ထဲမှာ ပြုပြင်ထားတဲ့ ရေနဲ့ ပင်လယ်ရေကို ရောမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
TEPCO ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ရေစုပ်စက် တစ်လုံးမှာ ပြုပြင်ထားတဲ့ ရေ ၁ အချိုးမှာ ပင်လယ်ရေ အဆ ၃၄၀ ရောမှာ ဖြစ်ပါတယ်။
TEPCO အနေနဲ့ ရေရောထားပြီး ထုတ်လွှတ်မယ့် ရေမှာ ထရီတီယံရဲ့ ပါဝင်မှုနှုန်းကို အမှန်တကယ် တိုင်းထွာထုတ်ပြန်ဖို့ အစည်းအဝေးမှာ ပညာရှင်တချို့က တောင်းဆိုခဲ့ပါတယ်။ တခြားသူတွေကတော့ ရေရောပြီး တိကျတဲ့ စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ အငြင်းပွားခဲ့ကြပါတယ်။
TEPCO က အဲဒီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဲဒီ အစီအစဉ်အတွက် နျူကလီးယား အာဏာပိုင်အဖွဲ့ရဲ့ အတည်ပြုမှုကို ရယူဖို့ TEPCO က ကြိုးပမ်းမှာ ဖြစ်ပါတယ်။