ဂျပန်မှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဈေးအသက်သာဆုံး ဖြစ်လာတော့မယ်

ဂျပန်အစိုးရက ဆယ်စုနှစ် တစ်ခုအတွင်း နေရောင်ခြည်က ထုတ်တဲ့ လျှပ်စစ်စွမ်းအင်ဟာ ဈေးအသက်သာဆုံး ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကကတော့ ဆိုလာပြားတွေရဲ့ ဈေးနှုန်းကျဆင်းလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နျူကလီးယား လျှပ်စစ်စွမ်းအင်က အခုအချိန်အထိတော့ ထုတ်လုပ်မှု ဈေးအသက်သာဆုံး နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။

အခုလို ခန့်မှန်းထားချက်ကို စက်မှုဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကို ခန့်မှန်းခဲ့ပြီး စက်ရုံသစ်တွေ ဆောက်လိမ့်မယ်လို့ ယူဆရပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားထုတ်ရင် ကုန်ကျစရိတ်ဟာ ၁ ကီလိုဝပ် ကို ၈ ယန်းကနေ ၁၁ ယန်းလောက်အထိ ရှိမယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။ နျူကလီးယားစွမ်းအင်နဲ့ ထုတ်ရင်တော့ ၁ ကီလိုဝပ်ကို ၁၁ ယန်းနဲ့ အထက် ကုန်ကျမှာ ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့ရည်ကနေရတဲ့ အပူစွမ်းအင်သုံး ဓာတ်အားရဲ့ ကုန်ကျစရိတ်က ၁ ကီလိုဝပ်ကို ၁၀ ယန်း ကနေ ၁၄ ယန်းလောက် ရှိပါလိမ့်မယ်။ ကျောက်မီးသွေးသုံးစွမ်းအင်က ဈေးအကြီးဆုံး ဖြစ်ပြီး ၁ ကီလိုဝပ်ကို ၂၂ ယန်းအထိ ကုန်ကျနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်က ခန့်မှန်းချက်အရ နျူကလီးယားစွမ်းအင်က ဈေးအသက်သာဆုံးလို့ သိရပါတယ်။ ဒါပေမဲ့ ဘေးကင်းလုံခြုံရေးစရိတ်တွေက ကြီးလာတဲ့အတွက်ကြောင့် ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်က တွက်ခြေမကိုက်ဘူးလို့ အရင်က စဉ်းစားခဲ့ပေမယ့် တခြားအချက်တွေလည်း စဉ်းစားဖို့ လိုအပ်တယ်လို့ စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
စွမ်းအင်ထုတ်လုပ်မှုပုံစံအမျိုးမျိုး ရှိထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်က ထုတ်တဲ့ လျှပ်စစ်ဓာတ်အားက ရာသီဥတုပေါ် မူတည်ပြီး အတက်အကျ များစွာ ဖြစ်နိုင်ပါတယ်။