NHK စစ်တမ်းမှာ ဝန်ကြီးချုပ် Suga အစိုးရအပေါ်ထောက်ခံမှု နှုန်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း တွေ့ရှိရ

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide အစိုးရအဖွဲ့အပေါ် မထောက်ခံတဲ့ နှုန်းက အရင်ကထက် အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ထောက်ခံမှုနှုန်းဟာ အချိန်နဲ့အမျှ ကျဆင်းလာနေတယ်လို့ NHK ရဲ့စစ်တမ်းမှာ ပြသနေပါတယ်။

NHK ဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ အသက် ၁၈နှစ်နဲ့အထက် ရှိသူတွေကို ကျပန်းရွေးပြီး တယ်လီဖုန်းနဲ့ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ၂၀၉၀ ဦးကို မေးမြန်းခဲ့ရာမှာ ၁၂၂၄ ဦးက ပြန်လည် ဖြေဆိုခဲ့ပါတယ်။
စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၃၃ ရာခိုင်နှုန်းက ဝန်ကြီးချုပ် Suga အစိုးရကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လ ကထက် ၄ရာခိုင်နှုန်း ကျဆင်းသွားတာဖြစ်ပြီး မစ္စတာ Suga တာဝန်စယူစဉ်ကာလ ပြီးခဲ့တဲ့ စက်တင်ဘာလက နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။
နောက်ပြီး မထောက်ခံမှုနှုန်းဟာ ၁ မှတ်တိုးပြီး ၄၆ ရာခိုင်နှုန်း ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။
ဝန်ကြီးချုပ် Suga အစိုးရကို ထောက်ခံတယ်လို့ ဆိုသူတွေရဲ့ ၄၁ ရာခိုင်နှုန်းက တခြားဖြစ်နိုင်ခြေရှိတဲ့ အစိုးရတွေထက် ပိုကောင်းတာကြောင့်လို့ ဖြေဆိုခဲ့ပြီး၊ ၂၃ ရာခိုင်နှုန်းက ဝန်ကြီးချုပ် Suga ကို ယုံကြည်တယ်လို့ ဆိုကာ ၂၂ ရာခိုင်နှုန်းကတော့ သူတို့ထောက်ခံတဲ့ပါတီရဲ့ အစိုးရအဖွဲ့ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။
မထောက်ခံဘူးလို့ ဆိုသူတွေရဲ့ ၄၀ရာခိုင်နှုန်းက အစိုးရဟာ ဘာမှပြီးမြောက်အောင် မလုပ်သေးနိုင်ဘူးလို့ ဆိုပြီး၊ ၃၆ ရာခိုင်နှုန်းက ရည်မှန်းချက်တွေ အောင်မြင်ဖို့ အစိုးရရဲ့မူဝါဒတွေကနေ သိပ်ပြီးမျှော်လင့်လို့ မရဘူးလို့ ဆိုပါတယ်။ ၁၃ ရာခိုင်နှုန်းကတော့ ဝန်ကြီးချုပ် Suga ကို အယုံအကြည်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင် နေပုံတွေကို မေးတဲ့အခါ ၄ ရာခိုင်နှုန်းက အလွန်ကောင်းမွန် တယ် လို့ ဖြေကြားခဲ့ပြီး ၃၆ ရာခိုင်နှုန်းက သင့်တင့်လျော်ကန်စွာ လုပ်ကိုင်နေတယ် လို့ ပြောကြားခဲ့ကြပါတယ်။ ဒါပေမဲ့ ၃၈ ရာခိုင်နှုန်းကတော့ အလွန်ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ဘူးလို့ ဖြေကြားပြီး ၁၉ ရာခိုင်နှုန်းက လုပ်ကိုင်ဆောင်ရွက်ပုံ ဆိုးရွားတယ်လို့ ဆိုပါတယ်။
အစိုးရဟာ လတ်တလောမှာ တိုကျိုကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ၄ကြိမ်မြောက် ထုတ်ပြန်ထားပါတယ်။ ဒီလို ထုတ်ပြန်မှုက ထိရောက်မှု ဘယ်လောက်ရှိမလဲ ဆိုတာကို မေးမြန်းရာမှာတော့ ဖြေဆိုသူတွေရဲ့ ၆ ရာခိုင်နှုန်းက အလွန်ထိရောက်မှုရှိတယ်လို့ ဆိုပြီး ၃၃ ရာခိုင်နှုန်းက အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ၄၁ ရာခိုင်နှုန်းက အတော်လေး ထိရောက်မှု မရှိဘူးလို့ ဆိုပြီး ၁၅ ရာခိုင်နှုန်းက လုံးဝ ထိရောက်မှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
တိုကျိုနဲ့ အိမ်နီးချင်းခရိုင် ၃ခုမှာရှိတဲ့ အိုလံပစ်ပွဲ ကျင်းပမယ့် နေရာတွေမှာ ပွဲကြည့်ပရိသတ်တွေနဲ့ပတ်သက်ပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေဆိုသူတွေရဲ့ ထင်မြင်ချက်တွေကို မေးမြန်းခဲ့ပါတယ်။
ဖြေဆိုသူတွေရဲ့ ၃၉ ရာခိုင်နှုန်းက ဒါဟာ သင့်တင့်လျော်ကန် တယ်လို့ ဆိုပြီး ၂၂ ရာခိုင်နှုန်းက ပွဲကြည့်ပရိတ်သတ်ကို အကန့်အသတ်နဲ့ ခွင့်ပြုသင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ၄ရာခိုင်နှုန်းက ပွဲကြည့်ပရိတ်သတ်ကို ကန့်သတ်ချက်မရှိဘဲ ခွင့်ပြုသင့်ကြောင်းနဲ့ ၃၀ ရာခိုင်နှုန်းက အိုလံပစ်ပွဲကို ဖျက်သိမ်းသင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။