ဇူလိုင် ၁၉မှာ COVID ပေါင်းစပ်ပဋိပစ္စည်းကုထုံး ကို ဂျပန် အတည်ပြုဖွယ်ရှိ

လာမယ့် သီတင်းပတ် တနင်္လာနေ့မှာ COVID ကုသနည်း တစ်မျိုးအဖြစ် ပေါင်းစပ်ပဋိပစ္စည်းကုထုံးကို အတည်ပြု မပြု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Chugai Pharmaceuticalက ပြီးခဲ့တဲ့ ဇွန်လမှာ ဗိုင်းရပ်စ်ပိုးကို ဓာတ်ပြယ်စေတဲ့ ပဋိပစ္စည်း ၂မျိုးဖြစ်တဲ့ casirivimab နဲ့ imdevimab ကို ပေါင်းစပ်ထားတဲ့ အဲဒီ ပေါင်းစပ် ပဋိပစ္စည်းကုထုံးကို လျှောက်ထားခဲ့ပါတယ်။
အဲဒီကုထုံးကို ကနဦးက အမေရိကန်အခြေစိုက် Regeneron Pharmaceuticals က တီထွင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက အမေရိကန်မှာ အရေးပေါ်အသုံးပြုခွင့် ရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် COVID-19 နဲ့ ဆေးရုံတက်စဉ်က အသုံးပြုခဲ့ပါတယ်။
ပြည်ပမှာ ပြုလုပ်တဲ့ လက်တွေ့စစ်ဆေးမှု အများအပြားမှာ အဲဒီ ပေါင်းစပ်ပဋိပစ္စည်းကုထုံးက ဆေးရုံတင်ရတဲ့ လူနာအရေအတွက်နဲ့ သေဆုံးသူအရေအတွက်ကို ၇၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ အတည်ပြုနိုင်ပြီလို့ Chugai Pharmaceutical က ပြောပါတယ်။
အရေးပေါ် အသုံးပြုမှုအတွက် အထူးထောက်ခံချက်ရရှိဖို့ လုပ်ဆောင်နေတယ်လို့ အဲဒီ Pharmaceutical က ပြောပါတယ်။
ထောက်ခံချက် ရပြီဆိုရင် ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် တရားဝင်ခွင့်ပြုတဲ့ စတုတ္ထမြောက် ကုထုံး ဖြစ်လာမှာပါ။ တခြားဆေးတွေကတော့ ကိုဗစ်ကုသဆေး remdesivir ၊ အကိုက်အခဲပေျာက်ဆေး dexamethasone နဲ့ အရောင်ကျဆေး baricitinib တို့ ဖြစ်ပါတယ်။