အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနဲ့ ထိုင်ဝမ်အပေါ် အလေးပေးထားတဲ့ ဂျပန်ကာကွယ်ရေး အစီရင်ခံစာ

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအပေါ် အလေးပေးဖော်ပြထားတဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ တစ်စောင်ကို ဂျပန်က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အစီရင်ခံစာမှာ တရုတ်စစ်တပ်ရဲ့ ဖိအားပေးမှုတွေ ကြီးမားလာတဲ့ အတောအတွင်း ထိုင်ဝမ်ဝန်းကျင် အနေအထားတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။
ကာကွယ်ရေးဆိုင်ရာ ၂၀၂၁ ခုနှစ် စက္ကူဖြူစာတမ်းကို အင်္ဂါနေ့က အစိုးရအဖွဲ့ထံ တင်သွင်းခဲ့ပါတယ်။ အမေရိကန် တရုတ် ဆက်ဆံရေးအပေါ်အသေးစိတ် လေ့လာဆန်းစစ်ထားတဲ့ အပိုင်း ပါဝင်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အပြန်အလှန် စောင့်ကြည့်နေပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ တရုတ်အကြား ယှဉ်ပြိုင်မှုဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးနယ်ပယ်တွေမှာ ပိုပြီး ထင်ရှားလာတယ်လို့ အဲဒီစစ်တမ်းထဲမှာ ဆိုထားပါတယ်။
နှစ်နိုင်ငံအကြား စစ်ရေးအင်အား ချိန်ခွင်လျှာညီမျှရေးမှာ အပြောင်းအလဲတွေရှိလာတာကြောင့် အင်ဒို-ပစိဖိတ် ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် သက်ရောက်မှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။
စက္ကူဖြူစာတမ်းမှာ တရုတ်ဟာ ထိုင်ဝမ်အနီးဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လိုပဲ ထိုင်ဝမ်ကို စစ်ရေးထောက်ပံ့မယ် ဆိုတဲ့ ပြတ်သားတဲ့ သဘောထား ပြသထားတယ် လို့လဲ စာတမ်းမှာ ထောက်ပြထားပါတယ်။
ထိုင်ဝမ်ဝန်းကျင် အနေအထား တည်ငြိမ်မှုဟာ ဂျပန့်လုံခြုံရေးအတွက် အရေးကြီးသလို နိုင်ငံတကာ အသိုက်အဝန်းရဲ့ တည်ငြိမ်အေးချမ်းဖို့လဲ ဖြစ်တယ်လို့ အဲဒီ စာတမ်းမှာ ဆိုထားပါတယ်။