ဟောင်ကောင် ဒေသန္တရ ကောင်စီဝင် ၂၀၀ ကျော် နုတ်ထွက်ဖွယ်ရှိ

ဟောင်ကောင်အစိုးရကို သစ္စာခံတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ဖို့ အချိန်မရောက်လာမီ ဒီမိုကရေစီလိုလားတဲ့ ဒေသန္တရ ကောင်စီဝင် ၂၀၀ ကျော်တို့ နုတ်ထွက်ကြမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ ရှီကျင်းဖျင်အစိုးရရဲ့ တရုတ်ခေါင်းဆောင်ပိုင်းက ဟောင်ကောင်ကို မျိုးချစ်တွေသာ အုပ်ချုပ်ဖို့လိုအပ်တယ်လို့ ဆိုပြီး ဟောင်ကောင်ရဲ့ရွေးကောက်ပွဲစနစ်ကို အခုနှစ်စောစောပိုင်းမှာ ပြင်ဆင်ခဲ့ပြီးနောက် အခုလိုကိစ္စ ဖြစ်လာတာ ဖြစ်ပါတယ်။
ဟောင်ကောင်ဟာ ကိုယ်ပိုင်စည်းမျဉ်းဥပဒေကို ပြန်သုံးသပ်ပြီး ဒေသန္တရကောင်စီဝင်တွေဟာ ဟောင်ကောင်အစိုးရကို သစ္စာခံကြောင်း ကျမ်းသစ္စာကျိန်ဆိုကတိပြုဖို့ လိုအပ်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ကျမ်းသစ္စာကို ဖောက်ဖျက်တဲ့ ဘယ်သူမဆို အရည်အချင်းမမီကြောင်း သတ်မှတ်ခံရမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူအဖြစ် ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ကောင်စီဝင်တွေဟာ အခုလကုန်မတိုင်ခင်မှာ ကျမ်းသစ္စာကျိန်ဆိုရဖွယ်ရှိတယ်လို့ ဟောင်ကောင်မီဒီယာမှာ သတင်းဖော်ပြထားပါတယ်။
ဟောင်ကောင်အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားသူ ကောင်စီဝင် ၂၃၀ လောက်ဟာ သူတို့ရဲ့ အမတ်နေရာတွေ ဆုံးရှုံးမှာဖြစ်ပြီး သူတို့ရဲ့လစာတွေလည်း ပြန်ပေးရမှာ ဖြစ်တယ်လို့ အဲဒီသတင်းတွေထဲမှာ ဆိုထားပါတယ်။
ကောင်စီဝင် ၁၇၀ နီးပါးက ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိအတွင်း နုတ်ထွက်ဖို့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ဒါကြောင့် နုတ်ထွက်ပြီးသား သူတွေအပါအဝင် ကောင်စီဝင် ၂၀၀ ကျော် နောက်ဆုံးမှာ နုတ်ထွက်သွားမယ်လို့ မျှော်လင့်ရပါတယ်။