အင်္ဂါနေ့မှာ တချို့အရပ်ဒေသများတွင် မိုးအကြီးအကျယ် ရွာဖွယ်ရှိ

အေးတဲ့လေထုကြီးကြောင့် မတည်ငြိမ်တဲ့မိုးလေဝသ အခြေအနေတွေက ဂျပန်အနောက်ပိုင်းနဲ့ တခြားဧရိယာတွေမှာ စံချိန်တင်တဲ့ မိုးအကြီးအကျယ်ရွာသွန်းမှုဖြစ်ခဲ့ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ မိုးရွာသွန်းမှုတွေစတင်ခဲ့ချိန်နောက်ပိုင်း စန်းအင်းဒေသမှာ ဇူလိုင်လ တစ်လလုံးအတွက် မိုးရွာသွန်းမှုထက် ၂ ဆ ရှိလာခဲ့ပါတယ်။
တနင်္လာနေ့ ညနေ ၄ နာရီအထိ တို့တိုးရီခရိုင် စာ့ကာအိမီနာတိုမြို့မှာ ၅၂၀ မီလီမီတာ နဲ့ ရှီမာ့နဲခရိုင် မတ်ဆုအဲ့ မြို့မှာ ၄၆၀.၅ မီလီမီတာ ရွာသွန်းခဲ့ပါတယ်။ မိုးတိမ်ထုတွေဟာ တိုကိုင်း ၊ ခန်ဆိုင်း ၊ ခန်တို နဲ့ တိုးဟိုးကုဒေသတွေမှာ ဖြစ်ပွားနေခဲ့ပါတယ်။
ရှီမာ့နဲ့ ၊ အီဘားရားကိ ၊ ယာမာ့ဂါ့တာ ၊ မိယာဂိ ၊ အိဝါ့တဲ့ ၊ အာကိတာ့ခရိုင်တွေက တစိတ်တပိုင်းမှာ မြေပြိုမှုသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ရှီမာ့နဲ နဲ့ ဟီရိုရှိမာ့ခရိုင်တွေမှာရှိတဲ့ တချို့မြစ်တွေမှာ မြစ်ရေလျှံမယ့် စိုးရိမ်အခြေအနေရှိနေပါတယ်။ မိုးလေဝသအရာရှိတွေက အင်္ဂါနေ့အထိ မိုးထပ်ပြီးရွာဖွယ်ရှိတယ်လို့ ပြောပါတယ်။
ဂျပန်အနောက်ပိုင်းကနေ မြောက်ပိုင်းအထိ နေရာကျယ်ကျယ်ပြန့်ပြန့် မိုးအကြီးအကျယ်ရွာဖွယ်ရှိပြီး မိုးကြိုးပစ်တာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တချို့အရပ်တွေမှာဆိုရင် တစ်နာရီကို ၈၀ မီလီမီတာအထိ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အင်္ဂါနေ့ညနေပိုင်းအထိ ၂၄ နာရီအတွင်း ခန်တို-ခိုးရှင်းဒေသမှာ မိုးရေချိန် ၁၂၀ မီလီမီတာအထိ ရွာသွန်းနိုင်ခြေရှိပြီး ချူးဂိုးကုနဲ့ တိုးဟိုးကုဒေသတွေမှာ ၁၀၀ မီလီမီတာနဲ့ ရှိခိုကု ၊ တိုကိုင်း နဲ့ ဟိုကုရိကု ဒေသတွေမှာ ၈၀ မီလီမီတာအထိ ရွာသွန်းနိုင်ပါတယ်။
မြေပြိုတာနဲ့ မြစ်ရေကြီးတာတွေကို သတိထားကြဖို့နဲ့ ဘေးကင်းနဲ့နေရာ ဒါမှမဟုတ် တောင့်တင်းခိုင်မာတဲ့ အဆောက်အအုံတွေမှာ တိမ်းရှောင်ခိုလှုံကြဖို့ အကြံပေးတိုက်တွန်းထားပါတယ်။ အပြင်ထွက်ဖို့ သိပ်အန္တရာယ်ကြီးတယ်လို့ ယူဆရရင် ကိုယ်ရှိနေတဲ့အဆောက်အအုံရဲ့ မြင့်တဲ့အထပ်ကို သွားရောက်သင့်တယ်လို့ ဆိုထားပါတယ်။
မိုးကြိုးပစ်တာ လေပြင်းတိုက်တာနဲ့ မိုးသီးကြွေတာတွေကို လည်း သတိထားကြဖို့ သက်ဆိုင်ရာအရာရှိတွေက တိုက်တွန်းနေကြပါတယ်။