ကိုဗစ်ကာကွယ်ဆေးထိုးစမ်းသပ်မှု အကြီးအကျယ်လုပ်ရန် ဂျပန်ကုမ္ပဏီတစ်ခု စီစဉ်

ဂျပန်ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Daiichi-Sankyo ဟာ အစောဆုံးဒီနှစ်အတွင်းမှာ mRNA ကို အသုံးပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြီးမားလှတဲ့လက်တွေ့စမ်းသပ်မှုစတင်ဖို့ စီစဉ်နေပါတယ်။

အဲဒီကုမ္ပဏီရဲ့ ကာကွယ်ဆေးတီထွင်ထုတ်လုပ်ရေးဆိုင်ရာ တာဝန်ခံအကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Yabuta Masayuki က NHK နဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
Daiichi-Sankyo ဟာ ထောင်နဲ့ချီရှိတဲ့ လူတွေကို ကာကွယ်ဆေးထိုးပေးမယ့် လက်တွေ့စမ်းသပ်မှုရဲ့ နောက်ဆုံးအပြီးသတ်အဆင့်ကို စတင်ဖို့ ပြင်ဆင်နေပြီလို့ မစ္စတာ Yabuta က ပြောပါတယ်။ အဲဒီစမ်းသပ်မှုကနေထွက်ပေါ်လာတာတွေကို အခြေခံပြီး အစိုးရရဲ့ခွင့်ပြုချက်ကို လျှောက်ထားဖို့ ကုမ္ပဏီအနေနဲ့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။
လက်တွေ့စမ်းသပ်မှုတွေမှာ စမ်းသပ်တဲ့ဆေးဝါး ဒါမှမဟုတ် ထိုးပေးတဲ့ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချရမှုကို အာနိသင်မရှိတဲ့ဆေးနဲ့ ပုံမှန်အားဖြင့် နှိုင်းယှဉ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတချို့ကို သုံးစွဲနေချိန်မှာ ထောင်နဲ့သောင်းနဲ့ချီရှိတဲ့လူတွေကို စမ်းသပ်မှုတွေလုပ်တာဟာ ကျင့်ဝတ်ပိုင်းအရ မလျော်ကန်တာမျိုးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် Daiichi-Sankyho ဟာ သုံးစွဲနေပြီဖြစ်တဲ့ တခြားကာကွယ်ဆေးနဲ့နှိုင်းယှဉ်နိုင်ဖို့အတွက် သူ့ကုမ္ပဏီထုတ်တဲ့အဲဒီဆေးဟာ ပဋိပစ္စည်းကို လက်ခံနိုင်လောက်တဲ့ပမာဏအထိ ထုတ်ပေးနိုင်သလားဆိုတာ အတည်ပြုနိုင်ဖို့ လုပ်ဆောင်မှာဖြစ်တဲ့အတွက် တခြားဆေးတွေထက်ပိုကောင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ စမ်းသပ်မှုကိုမလုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။
မစ္စတာ Yabuta က အတည်ပြုချက်ရပြီးတဲ့အခါ တိုကျိုမြောက်ပိုင်းမှာရှိတဲ့ စိုင်းတာမာ့ခရိုင်က သူ့ရဲ့စက်ရုံမှာ ကာကွယ်ဆေးအမြောက်အမြားကို ထုတ်လုပ်ဖို့စီစဉ်ထားပြီး ၂၀၂၂ ဧပြီမှာစတင်မယ့်ဘဏ္ဍာရေးနှစ်မှာ စတင်အသုံးပြုမှာ ဖြစ်တယ်လို့ဆိုပါတယ်။
တခြားဂျပန်ဆေးကုမ္ပဏီတွေဖြစ်တဲ့ AnGes, Shionogi , KM Biologics တို့ဟာလည်း သူတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို လက်တွေ့ စမ်းသပ်တာတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။