တိုကျိုတွင် ၄ ကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေစတင်

ဇူလိုင် ၁၂ ရက် တနင်္လာနေ့ ကစပြီး တိုကျိုမှာ ၄ကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအရေးပေါ်အခြေအနေ စတင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကူးစက်ပြန့်ပွားမှုတွေကို တားဆီးဖို့ ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် စားသောက်ဆိုင်တွေ အရက်ဆိုင်တွေကို အရက်မရောင်းချဖို့ တောင်းဆိုထားပါတယ်။
အဲဒါအပြင် ဂျပန်အစိုးရဟာ အနောက်တောင်ပိုင်းက အိုကီနာဝါခရိုင်မှာ အရေးပေါ်အခြေအနေကို သက်တမ်းတိုး ထားပြီး တိုကျိုနဲ့ကပ်လျက်ဖြစ်တဲ့ စိုင်းတာမာ့ ၊ ချိဘာ့ ၊ ခါနာ့ဂါဝါ့ ခရိုင်တွေ မှာတော့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေကို သက်တမ်းတိုးထား ပါတယ်။ အနောက်ပိုင်းက အိုစာကာခရိုင်မှာလည်း အလားတူကျင့်သုံးနေပါတယ်။
အဲဒီအရေးပေါ်ကြေညာချက်တွေနဲ့ ကူးစက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို သြဂုတ်လ ၂၂ ရက်နေ့အထိ ဆက်လက်ထားရှိဖို့ စီစဉ်ထားပါတယ်။
အဲဒီကာလအတွင်းမှာ ဇူလိုင် ၂၃ ရက်ကနေ သြဂုတ် ၈ ရက် အကြားကျင်းပမယ့် တိုကျိုအိုလံပစ်အားကစားပွဲလည်း ကျရောက်နေသလို ဂျပန်လူမျိုးအမြောက်အမြား သူတို့ရဲ့ ဇာတိအရပ်နဲ့ ခရီးလှည့်လည်သွားရာနေရာတွေကို သွားလေ့ရှိတဲ့ အိုဘွန်းအားလပ်ရက်ကာလလည်း ကျရောက်နေပါတယ်။
လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေ မြင့်တက်လာတာဟာ ကူးစက်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနိုင်ခြေရှိတာကြောင့် ဂျပန်အစိုးရက ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆောင်ရွက်ချက်တွေကို အသေးစိတ်လုပ်ဆောင်ဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။ အဲဒါအပြင် အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံးစစ်ဆေးတွေ့ရှိခဲ့တဲ့ Delta အမျိုးအစား မျိုးကွဲဗိုင်းရပ်စ်ပြန့်ပွားမှုကိုလည်း ဂျပန်အရာရှိတွေက စိုးရိမ်နေကြပါတယ်။
အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် ဂျပန်အစိုးရဟာ သတ်မှတ်ထားတဲ့နေရာတွေမှာ အရက်ရောင်းချတာကို မပြုလုပ်ဖို့နဲ့ ဆိုင်စောစောပိတ်ဖို့ အဲဒီဆိုင်တွေကို တိုက်တွန်းနေပါတယ်။
ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Kato Katsunobu က တနင်္ဂနွေနေ့ NHK ရုပ်သံအစီအစဉ်တစ်ခုမှာ အဲဒီအရက်ဆိုင်ပိုင်ရှင်တွေ အလွယ်တကူ ပူးပေါင်းဆောင်ရွက်လာစေဖို့ ထောက်ပံ့မှုတွေကို ပိုပြီး လျင်မြန်အောင်ပေးဖို့ ဂျပန်အစိုးရဟာ စဉ်းစားသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကူးစက်မှုတွေကိုထိန်းချုပ်နိုင်ဖို့နဲ့ စိုးရိမ်ရတဲ့လူနာအရေအတွက် လျှော့ချနိုင်ဖို့ ဂျပန်အစိုးရဟာ ကာကွယ်ဆေးထိုးပေးတာ တွေကို တွန်းအားပေးလုပ်ဆောင်နေပါတယ်။