မိုက်ကရိုချစ်ပ် မလုံလောက်မှုကြောင့် တစ်ပတ်ရစ်မော်တော်ကားဈေး မြင့်တက်

ဂျပန်မှာ တစ်ပတ်ရစ်မော်တော်ကားတွေ ဈေးမြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့လက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒုတိယအမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။

ဂျပန်ရဲ့ ထိပ်တန်း မော်တော်ကားလေလံတင်ရောင်းချတဲ့ကုမ္ပဏီ USS ရဲ့ ပြောကြားချက်အရ ဇွန်လအတွင်း သူတို့ရောင်းချခဲ့တဲ့ တစ်ပတ်ရစ် မော်တော်ကားတွေရဲ့ ပျမ်းမျှဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၇,၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် မတ်လနောက်ပိုင်း ၁၀ နှစ်အတွင်း ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။
ကမ္ဘာနဲ့ချီပြီး semiconductor မလုံလောက်တဲ့အတွက် ကားသစ်ထုတ်လုပ်မှုတွေ ထိခိုက်ခဲ့ရတာကြောင့် တစ်ပတ်ရစ်မော်တော်ကားတွေရဲ့ လေလံဈေးနှုန်း မြင့်တက်နေတာဖြစ်တယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
Tokai Tokyo Research Center ရဲ့ အကြီးတန်းသုတေသီ Sugiura Seiji က semiconductor မလုံလောက်မှု ပြဿနာကိုဖြေရှင်းနိုင်ပြီး ကားအသစ်ထုတ်လုပ်မှုပမာဏ အရင်ကအဆင့်ကို ပြန်ရောက်ဖို့ အချိန်ကြာနိုင်ဖွယ်ရှိတဲ့အတွက် တစ်ပတ်ရစ်မော်တော်ကား ဈေးနှုန်းဟာ ကာလအတိုင်းအတာတစ်ခုအထိ ဆက်မြင့်နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။