ချစ်ကြည်ရေးစာချုပ် နှစ်ပတ်လည်အထိမ်းအမှတ် တရုတ်နဲ့မြောက်ကိုရီးယား အပြန်အလှန် သဝဏ်လွှာပို့

နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တရုတ်သမ္မတ Xi Jingping တို့ အပြန်အလှန် သဝဏ်လွှာပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားမီဒီယာက ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်ဟာ ၁၉၆၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်ရေးတိုက်ခိုက်မှုနဲ့ ကြုံတဲ့အခါ အပြန်အလှန်ကူညီရေးဆိုင်ရာ စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။
မစ္စတာ Kim က သူရဲ့ သဝဏ်လွှာမှာ အဲဒီစာချုပ်ကို ချီးကျူးရေးသားထားကြောင်း မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့သတင်းစာRodong Sinmun မှာ တနင်္ဂနွေနေ့က ဖော်ပြလိုက်ပါတယ်။
ရန်လိုတဲ့ အင်အားစုတွေရဲ့ စိန်ခေါ်မှုတွေနဲ့ နှောင့်ယှက်မှုတွေ ပိုပိုတိုးလာနေတဲ့ အခုလိုအချိန်မှာ အဲဒီစာချုပ်ဟာ အာရှတိုက်နဲ့ တစ်ကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အာမခံပေးနေတယ်လို့ မစ္စတာ Kim က သဝဏ်လွှာမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။
မစ္စတာ Xi က တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးနဲ့ သူတို့ရဲ့ ပြည်သူတွေ ပျော်ရွှင်မှုတွေ ပိုမိုခံစားနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အပြန်အလှန်ဆက်ဆံရေးတွေကို ရှေ့ဆက်ဆောင်ရွက်ရင်း အဆင့်သစ် တစ်ခုဆီ တက်လှမ်းသွားဖို့ဆန္ဒရှိတယ်လို့ ပြောကြားလိုက်ပါတယ်။