ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးကို တိုကျိုအိုလံပစ်ပွဲဆီ ထိုင်ဝမ် စေလွှတ်မယ်

ဇူလိုင်လ ၂၃ ရက်ကနေစတင်ကျင်းပမယ့် တိုကျို အိုလံပစ်အားကစားပွဲကို တက်ရောက်ဖို့ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီး Audrey Tang ဂျပန်ကို လာရောက်မယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက စနေနေ့မှာ အဲဒီလို ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။
Audrey Tang ဟာ ကျော်ကြားတဲ့ ကွန်ပြူတာပရိုဂရမ်မာ နဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး IT ကုမ္ပဏီအများအပြားအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၆ခုနှစ်က သမ္မတ Tsai Ing-wen ရာထူးရယူခဲ့ပြီးတဲ့နောက် သူ့ကို အစိုးရရုံးတွေရဲ့ IT မူဝါဒဆိုင်ရာ တာဝန်ခံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာတဲ့ အတောအတွင်း ထိုင်ဝမ်မှာ နှာခေါင်းစည်းဝယ်လိုအား မြင့်တက်လာခဲ့ချိန်မှာ လူအများဆီ ပစ္စည်းရှိတဲ့နေရာကို ချက်ချင်းအသိပေးနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခု စတင်အသုံးပြုနိုင်ဖို့ သူက ကူညီဆောင်ရွက်ခဲ့ပါတယ်။
အဲဒီ အက်ပလီကေးရှင်းက နှာခေါင်းစည်းမလုံလောက်မှုအပေါ် ပြည်သူတွေရဲ့စိုးရိမ်မှုတွေ လျော့ကျစေဖို့ အထောက်အကူပြုခဲ့ပါတယ်။